လာအိုနိုင်ငံမြောက်ပိုင်း၌ ရေကြီးရေလျှံမှုများဖြစ်ပွား

လာအိုနိုင်ငံမြောက်ပိုင်း၌ ရေကြီးရေလျှံမှုများဖြစ်ပွား

 

ဗီယင်ကျန်း ဩဂုတ် ၃၀

 

လာအိုနိုင်ငံမြောက်ပိုင်းတွင် ပြီးခဲ့ သည့်ရက်ပိုင်းအတွင်းက မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရုတ်တရက် ရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

 

အိုဒိုဆေပြည်နယ်၊ ဗိုကေအို ပြည်နယ်၊ ဟိုပန်ပြည်နယ်နှင့် ဖုန်စလေ ပြည်နယ်များသည် ရေကြီးရေလျှံမှုဒဏ် အများဆုံးခံခဲ့ရသည့် ပြည်နယ်များဖြစ်သည်။ မြို့တော်ဗီယင်ကျန်း၏ မြောက်ဘက်တွင်တည်ရှိသည့် အိုဒိုဆေ ပြည်နယ်သည် ရေကြီးရေလျှံမှုအများဆုံး ခံစားခဲ့ရသည့် ပြည်နယ်ဖြစ်သည်။ ယင်းပြည်နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် နေအိမ်များပျက်စီးကာ ရေနှင့် လျှပ်စစ်မီးပြတ်တောက်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

 

ရေကြီးမှုဖြစ်ပေါ်ခဲ့သည့် ပြည်နယ်များတွင် နေအိမ်များ ရေနစ်မြုပ်ခြင်းကြောင့် ဒေသခံအများအပြားမှာ နေထိုင်ရေး အခက်အခဲဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ယခုအချိန်တွင် ရေကြီးရေလျှံမှုခံစားခဲ့ရသည့် ဒေသခံများအား လိုအပ်သည့် အကူအညီများပေးအပ်နိုင်ရန် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည်။အဆိုပါဖြစ်စဉ်အတွင်း နိုင်ငံသားများအား ရေကြီးမှုမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ဖုန်စလေပြည်နယ် ကန်ခရိုင် ရှိ အိမ်ထောင်စု ၉၇ စုသည် ရေကြီးမှုကြောင့် ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး လာအိုငွေ ၅ ဒသမ ၆ ဘီလီယံရှိကြောင်း သိရသည်။ ဟိုပန်ပြည်နယ်တွင်လည်း ရေကြီးမှုဒဏ်ခံခဲ့ရသည့် ဒေသခံများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ရေးအတွက် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ