လာအိုနိုင်ငံအစိုးရက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပိုဆောင်းထိုးနှံကြရန် ပြည်သူများအား တိုက်တွန်း

အောက်တိုဘာ ၂၅

 

လာအိုကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်မှုမှကာကွယ်နိုင်ရန်အတွက် ကိုဗစ်ရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံမှုခံယူကြရန် ပြည်သူများအား တိုက်တွန်းပြောကြားခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်မှုများပြားသော အခြားနိုင်ငံများမှပြန်လည်ရောက်ရှိလာသော လာအိုနိုင်ငံသားအလုပ်သမားဦးရေ များပြားသဖြင့် ကူးစက်မှုများထပ်မံမြင့်မားနိုင်ခြေရှိသောကြောင့် နိုင်ငံအတွင်းရှိလူတိုင်း သတိရှိကြရန် ကျန်းမာရေးအာဏာပိုင်များက သတိပေးပြောကြားထားသည်။

 

အခြားနိုင်ငံများမှ နိုင်ငံအတွင်းသို့ပြန်လည်ရောက်ရှိလာသူများအနက် အနည်းဆုံး ၁၅ ရာခိုင်နှုန်းသည် ထိုရောဂါကူးစက်လာသူများဖြစ်သည်ဟု ကိန်းဂဏန်းအချက်အလက်ဖော်ပြချက်အရ သိရသည်။

 

နိုင်ငံ့လူဦးရေ၏ ၈၁ ရာခိုင်နှုန်း သို့မဟုတ် ၅ ဒသမ ၉ သန်းကျော်သည် ကိုဗစ်ရောဂါကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးသူများဖြစ်ပြီး ၇၂ ရာခိုင်နှုန်း သို့မဟုတ် ၅ ဒသမ ၃၂ သန်းကျော်သည် ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူများဖြစ်ကြောင်း ဖော်ပြထားသည်။

 

သို့ရာတွင် နိုင်ငံ့လူဦးရေ၏ ၁၉ ရာခိုင်နှုန်းခန့်သာလျှင် ထိုကာကွယ်ဆေး တတိယအကြိမ်ထိုးနှံပြီးဖြစ်သည်ဟု သိရသည်။

 

လာအိုနိုင်ငံတွင် ယမန်နေ့ကအထိ ကိုဗစ်ရောဂါကူးစက်ခံရသူပေါင်း ၂၁၆၁၈၃ ဦးရှိပြီး ထိုရောဂါကူးစက်ခံရမှုကြောင့်  သေဆုံးသူ ၆၆၅ ဦး ရှိပြီဖြစ်သည်။ 

 

ထိုရောဂါကူးစက်ခံရသူနှစ်ဦးကို ၂၀၂၀ ခုနှစ် မတ်လ ၂၄ ရက်နေ့က ပထဆုံးတွေ့ရှိခဲ့သည်ဟု သတင်းဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို