ကွယ်လွန်ခဲ့ပြီဆိုတဲ့ သတင်းအမှားကို စတားလုံး တုံ့ပြန်

​ဟောလိဝုဒ်ရဲ့ နာမည်ကျော်မင်းသားကြီးတစ်ဦးဖြစ်တဲ့ ဆီဗက်စတာ စတားလုံးက မကြာသေးမီက ပေါ်ထွက်လာခဲ့တဲ့ သူကွယ်လွန်သွားခဲ့ပြီဆိုတဲ့ ကောလာဟလတွေအပေါ် တုံ့ပြန်ပြောကြားလိုက်ပါတယ်။ စတားလုံး ကွယ်လွန်ပြီဆိုတဲ့သတင်းဟာ မမှန်ကန်ကြောင်းနဲ့ လက်ရှိမှာ ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင် ရှိနေဆဲဖြစ်ကြောင်း လတ်တလောမှာ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်တယ်လို့ အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

တော်ရီးယဲယ်ဘာဒန်နီရယ်အမည်နဲ့ အကောင့်ပိုင်ရှင်က မင်းသားကြီးရဲ့ အိုမင်းနေတဲ့ ဓာတ်ပုံတွေနဲ့ ရောဂါခံစားနေရတဲ့ပုံပေါ်နေတဲ့ ဓာတ်ပုံတွေနဲ့အတူ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ စတားလုံး ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ဖော်ပြချက်တွေအရ မင်းသားကြီးဟာ ကင်ဆာရောဂါကို ခံစားခဲ့ရပြီးနောက် မနက်ကပင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း၊ စတားလုံးက သူ့ရဲ့ရောဂါကို ကွယ်ဝှက်ထားခဲ့တာဖြစ်ပေမယ့် နောက်ဆုံးမှာတော့ ဖုံးကွယ်ထားလို့မရနိုင်ဘဲ ရောဂါရဲ့အနိုင်ယူခြင်းကို ခံလိုက်ရပြီဖြစ်ကြောင်း ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။ 

 

ဒီလိုဖော်ပြခံခဲ့ရတဲ့ ပို့စ်ကို စတားလုံးက သူ့ရဲ့အင်စတာဂရမ် စာမျက်နှာပေါ်မှာ ပြန်လည်ဖော်ပြကာ သတင်းမှန်မဟုတ်ကြောင်း ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ်။ စတားလုံးက လက်ရှိမှာ သူဟာ အသက်ရှင်နေဆဲဖြစ်ကြောင်း၊ ကျန်းမာပျော်ရွှင်နေဆဲဖြစ်ကြောင်းလည်း တစ်ပါတည်း ထုတ်ဖော်ပြောကြား လာတာဖြစ်တယ်လို့ သိရပါတယ်။

 

ဒီသတင်းကြောင့် စတားလုံးရဲ့ အေဂျင်စီမှလွဲပြီး ပရိသတ်တွေနဲ့ အခြားသော မိတ်ဆွေတွေပါ အံ့အားသင့်ခဲ့ရပါတယ်။ ဒီသတင်းမှားနဲ့ ပတ်သက်ပြီး စတားလုံးနဲ့ ညီအစ်ကိုတော်သူ ဖရန့်ခ်စတားလုံးကလည်း သူ့ရဲ့လူမှုကွန်ရက်မီဒီယာပေါ်ကနေတစ်ဆင့် ပြန်လည်ရေးသားဖော်ပြခဲ့တာ ကိုလည်း တွေ့ရပါတယ်။

 

အေးပြည့်