ကြယ်လိပ်သားပေါက်ရာသီပြီးဆုံးချိန် ကြယ်လိပ် ၂၁၄၀ ကောင် ပေါက်ဖွားရှင်သန်ခဲ့

ညောင်ဦး ဇူလိုင် ၂၇

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံမြို့ရှိ သစ်တောဦးစီးဌာန၊ လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် မြန်မာနိုင်ငံမှာသာရှိသည့် ဌာနေဖွားမျိုးစိတ် မြန်မာ့ကြယ်လိပ်များအား ခြံလှောင်မွေးမြူထားရှိပြီး နေရင်းဒေသများတွင် မျိုးသုဉ်းရန် အလွန်နီးကပ်နေခြင်းကြောင့် မျိုးဆက်မပျက်သုဉ်းရေးအတွက် မွေးမြူ၍ ပေါက်ဖွားလာစေရန်၊ တိုးပွားလာသော သားပေါက်များကို ၎င်းတို့နေရင်းဒေသများသို့ ပြန်လွှတ်ပေးရန်၊ ကြယ်လိပ်ဝါသနာရှင်များ၊ ကြယ်လိပ်ပညာရှင်များ သုတေသနပြုနိုင်ရန်နှင့် အများပြည်သူ အနီးကပ်လေ့လာ ကြည့်ရှုနိုင်စေရန် မွေးမြူထားကြောင်း သိရသည်။

 

ကြယ်လိပ်များ မျိုးဆက်မပျက်သုဉ်းရေးအတွက် မွေးမြူပေါက်ဖွားလာစေသည့် ရည်ရွယ်ချက်ကို အကောင်အထည်ဖော်သည့်အနေဖြင့် လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် ကြယ်လိပ်အထီး (၄၂)ကောင်၊ အမ အကောင် (၄၀) စုစုပေါင်း (၈၂)ကောင်ကို ၂၀၀၁ ခုနှစ်တွင် စတင်မွေးမြူခဲ့ပြီး မွေးမြူစဉ်က ခုဂဏန်း၊ ဆယ်ဂဏန်းမျှသာ ပေါက်ဖွားနှုန်းရှိခဲ့သော်လည်း ယခုအခါ နှစ်စဉ် ထောင်နှင့်ချီ ပေါက်ဖွားလာခဲ့သည်။ ယခင်နှစ်က ကြယ်လိပ်သားပေါက် ၁၅၇၆ ကောင် ပေါက်ဖွားခဲ့သော်လည်း ယခု ၂၀၂၃ ခုနှစ် ကြယ်လိပ်သားပေါက်ရာသီပြီးဆုံးချိန် ကြယ်လိပ်သားပေါက် ၂၁၄၀ ကောင် ပေါက်ဖွားခဲ့သည်။

 

အရွယ်ရောက် ကြယ်လိပ်မ ၁၆၃ ကောင်သည် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၂ ရက်မှ ၂၀၂၃ ခုနှစ် မတ် ၈ ရက်အထိ ဥကျင်း (၄၅၈)ကျင်း၌ ကြယ်လိပ်ဥလုံးရေ ၂၉၉၃ လုံးဥထားခဲ့ကြောင်း၊ ဥဥရာတွင် မြေကြီးအတွင်း နက် ၆ လက်မခန့်နှင့် ဥကျင်းအကျယ် ၄ လက်မခန့် ကျင်းများထဲတွင် ဥချခဲ့ကြောင်း၊ ဥကျင်းများထဲတွင် ၃ လမှ ၉ လအထိ ကြာမြင့်တတ်သည့်အတွက် နေရာပျောက်မသွားစေရန် ဥကျင်းနှင့် ၈ လက်မအကွာလောက်တွင် မှတ်တိုင်စိုက်ထူ၍ထားရကြောင်း၊ ယင်းမှတ်တိုင်တွင် လိပ်မအမှတ်၊ ဥဥသည့်ရက်စွဲ၊ ဥအလုံးအရေအတွက်၊ အကြိမ်ရေ၊ လိပ်ကျင်းတည်နေရာပြ မြားတို့ကို စိုက်ထူဖော်ပြထားကြောင်း၊ လောကနန္ဒာဘေးမဲ့တောဥယျာဉ် ကြယ်လိပ်မွေးမြူရေးခြံသည် ကမ္ဘာပေါ်တွင် ကြယ်လိပ်အကောင်ရေ အများဆုံးရှိသည့် ခြံတစ်ခြံဖြစ်ကြောင်း၊ နှစ်စဉ်ကြယ်လိပ်ကောင်ရေ (၁၀၀၀)ကျော် ပေါက်ဖွားလျက်ရှိပြီး မျှော်မှန်းချက်ထက်ပင် ကျော်လွန်ပေါက်ဖွားနေသည့်အတွက် မြန်မာ့ရှားပါးမျိုးစိတ် ကြယ်လိပ်ထုတ်စက်ရုံဟုပင် ပြည်သူများ တင်စားခေါ်ဝေါ်နေကြကြောင်းလည်း သိရသည်။

 

၂၀၀၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်ထိ (၂၃)နှစ်တာကာလအတွင်း ပေါက်ဖွားနှုန်း အကောင်းဆုံးနှစ်ဖြစ်ပြီး လောကနန္ဒာဘေးမဲ့တောဥယျာဉ်ရှိ အရွယ်စုံကြယ်လိပ် (၁၀၈၈၈)ကောင်ရှိကြောင်း၊ နေရင်းဒေသများသို့ ပြန်လည်စေလွှတ်ခဲ့သည့် ကြယ်လိပ် (၂၆၅၀)ကောင်နှင့်ဆိုပါက (၁၃၅၃၈)ကောင် ပေါက်ဖွားခဲ့ပြီးဖြစ်ရာ မြန်မာမျိုးစိတ်ဖြစ်သည့် ကြယ်လိပ်များသည် မြန်မာမြေပေါ်တွင် ထာဝရရှင်သန်ပေါက်ဖွား နေထိုင်ကြတော့မည်ဖြစ်ပြီး နိုင်ငံ့ဂုဏ်ကိုလည်း မြန်မာ့မျိုးစိတ်ကြယ်လိပ်များ ကမ္ဘာ့အလယ်ဝင့်ထည်စွာ ဂုဏ်ဆောင်နေကြလိမ့်မည်ဖြစ်ကြောင်း၊ ကြယ်လိပ်များ၏ နေရင်းဒေသဖြစ်သော အရွယ်ရောက်ကြယ်လိပ်များအား မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး/စကုမြို့နယ်ရှိ ရွှေစက်တော်ဘေး မဲ့တောဥယျာဉ်နှင့် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် မင်းစုံတောင် ဘေးမဲ့တောဥယျာဉ်သို့ သဘာဝအတိုင်း နေထိုင်ကျက်စားနိုင်ရန် ပြန်လည်လွှတ်ပေးလျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ် ကြယ်လိပ်သားပေါက်ရာသီတွင် ဥတစ်လုံးထဲမှ ရင်ချင်းဆက်အမွှာ ကြယ်လိပ်တစ်စုံလည်း ပေါက်ပွားရှင်သန်လျက်ရှိကြောင်း သိရသည်။

 

ဒီပါလင်း