ကြယ်လိပ်များကို ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များအား လွတ်လပ်စွာ လေ့လာခွင့်ပြုခဲ့သဖြင့် နိုင်ငံခြား ဧည့်သည် ဝင်ထွက်မှု ပိုမိုများပြားလာ

မန္တလေး  ၁၀  ဧပြီ 

 

မန္တလေးတိုင်းဒေသကြီး  မြင်းခြံခရိုင်  နွားထိုးကြီးမြို့နယ် မင်းစုံတောင် ဘေးမဲ့တောရှိ ကြယ်လိပ်များကို ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များကို လေ့လာခွင့်ပြုခဲ့သဖြင့် ကြယ်လိပ်ခြံတွင် နိုင်ငံခြားသား အဝင်အထွက်မှာ ၂ဝ၁၇ ခုနှစ်ထက် ပိုမို များပြားလာကြောင်း မင်းစုံတောင် ဘေးမဲ့တော ကြယ်လိပ်ခြံမှ သိရသည်။

 

 

ကြယ်လိပ်ခြံကို ၁၉၉၉ ခုနှစ်က အထီး၊ အမ ၁၂ ကောင်ဖြင့်စ၍ မွေးမြူခဲ့ရာ ၂ဝ၁၇ ခုနှစ်တွင် ကြယ်လိပ် အကောင် ၃၅ဝဝ ထိ တိုးတက်မွေးမြူနိုင်ကြောင်း သိရသည်။

 

၁၉၆ဝ ပြည့်နှစ်က မင်းစုံတောင် ကာကွယ်တော စတင်ခဲ့ကာ ၂ဝဝ၁ ခုနှစ်တွင် ဘေးမဲ့တောအဖြစ် သတ်မှတ်ခဲ့ပြီး ၅၅၇၅ ဧက ကျယ်ဝန်းသည်။ ယခုအခါ ကြယ်လိပ် ၁ဝဝဝ ကျော်ကို ၂ဝ၁၃ ခုနှစ်မှစ၍ ၂ဝ၁၅ ခုနှစ်၊ ၂ဝ၁၇ ခုနှစ်၊ ၂ဝ၁၈ ခုနှစ်တို့တွင် သဘာဝအတိုင်း မွေးမြူကျက်စားရန် စက်တပ်ဆင် လွှတ်မွေးမြူခဲ့ရာ အောင်မြင်လျက်ရှိသည်။

 

ကမ္ဘာတွင် လိပ်မျိုးစိတ် ၄ဝဝ အနက် ၂၅ မျိုးမှာ ရှားပါးမျိုးစိတ်ဖြစ်ပြီး ကြယ်လိပ်မှာလည်း တစ်မျိုး အပါအဝင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် လိပ် ၃၁ မျိုးရှိရာ ပင်လယ်လိပ် ငါးမျိုး၊ ရေချိုလိပ် ၂၂ မျိုးနှင့် ကုန်းလိပ် လေးမျိုး ရှိသည်။

 

နွားထိုးကြီးမြို့နယ် မင်းစုံတောင် ဘေးမဲ့တော ကြယ်လိပ်ခြံ အပါအဝင် မင်းဘူးရွှေစက်တော်၊ ညောင်ဦး မဟာနန္ဒာ၊ ပြင်ဦးလွင် ကျွဲနဖားတောင်တို့၌ ကမ္ဘာ့ရှားပါးကြယ်လိပ်များ မွေးမြူထားသည်ကို တွေ့ရှိနိုင်သည်။ 

 

ဌေးမြင့်မောင်