ကယားပြည်နယ်အတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းနိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု

လွိုင်ကော် ၁၄ ဇွန်

 

လွိုင်ကော်မြို့နယ်၊ ၊ ပိန်းချစ်ကျေးရွာအုပ်စု၊ ပိန်းချစ်ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် မွေတော်စေတီနှင့် ဘုရားအနီးရှိ ရှေးဟောင်းသမိုင်းဝင်ရေကန်အား ထိန်းသိမ်းဆောင်ရွက်နိုင်ရေးအတွက် ကယားပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ယမန်နေ့ ညနေ (၃) နာရီ အချိန်က လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ် ရေးမှူး တို့နှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပိန်းချစ်မွေတော်ဘုန်းတော်ကြီးကျောင်း ဆရာတော်ဘုရားထံ လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ယခုလိုလာရောက်ရခြင်းမှာ ပြည်နယ်အတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များအား ဖော်ထုတ်ထိန်းသိမ်းရန်နှင့် ဖော်ထုတ်ဆောင်ရွက်နိုင်ပါက လေ့လာသူများ ရောက်ရှိပြီး ဒေသပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် လာရောက်ရခြင်းဖြစ်ကြောင်း လျှောက်ထားခဲ့သည်။

 

ဆက်လက်ပြီး ကျေးရွာ ရပ်မိ/ ရပ်ဖ (၁) ဦးနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့မှ ရှေးဟောင်းသမိုင်းဝင်ရေကန်နှင့် ပတ်သက်သည့် အကြောင်းအရာများကို တင်ပြခဲ့သည်။ ထို့အပြင် လွိုင်ကော်မြို့နယ်၊ နမ့်နောက် ကျေးရွာအနီးတွင် ရေပူစမ်းရှိကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး တင်ပြချက်အရ သိရသည်။

 

 

ယင်းတင်ပြချက်အပေါ် ရှေးဟောင်းသုတေသန၊ ဟိုတယ်/ခရီး၊ မြို့အုပ်ချုပ်ရေးမှူးတို့မှ ကွင်းဆင်းဆောင်ရွက်ပြီး ရှေးဟောင်းအမွေအနှစ်အထောက်အထားများအား ဖော်ထုတ်ထိမ်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် လည်းကောင်း၊ ရေပူစမ်းအား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် လည်းကောင်း မှတ်တမ်းဓာတ်ပုံ များနှင့်တကွ ပြုစုတင်ပြရန် မှာကြား ခဲ့သည်။

 

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည့် ရှေးဟောင်းသမိုင်းဝင် မွေတော်ဘုရားအား ဖူးမျှော်ကြည်ညိုခြင်း၊ သမိုင်း ကြောင်းများအား ရပ်မိရပ်ဖ မှ ရှင်းလင်းတင်ပြခြင်း၊ ယင်းနောက် ရှေးဟောင်းသမိုင်းဝင်ရေကန်အား သွားရောက် ကြည့်ရှုခြင်း၊ သမိုင်းကြောင်း အထောက်အထားများ ဖော်ထုတ် ဆောင်ရွက်နိုင်ရေး လမ်းညွှန်ခဲ့သည်။

 

မွေတော်ဘုန်းတော်ကြီးကျောင်း ဆရာတော်၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖတို့မှလည်း မိမိတို့ ကျေးရွာ ပြည်သူများအနေ ဖြင့် ထိုကဲ့သို့ ထိန်းသိမ်းစောင့်ရှောက်လိုသည့် ဆန္ဒရှိပြီး အကောင်အထည်ဖော် နိုင်ခဲ့ခြင်း မရှိပါကြောင်း၊ နှစ်စဉ်သန့်ရှင်းရေး ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း တင်ပြကြသည်။

 

ထိုသို့ တင်ပြခဲ့မှုအပေါ် ကယားပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က အဆိုပါရှေးဟောင်းရေကန်အား ထိန်းသိမ်းဆောင်ရွက်နိုင်ရန် အတွက်လည်းကောင်း၊ ရေကန်သို့ လာရောက်ကြည့်ရှုသူများနှင့် အဆိုပါ ရေကန်၏ သဘာဝအလှကို မထိခိုက်စေဘဲ အလွယ်တကူမြင်နိုင်သည့် အကာအရံဖြင့် စနစ်တကျတင့်တယ်စွာ ထိန်းသိမ်းထားနိုင်ရေးအတွက် ငွေကျပ် (၅၄) သိန်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)