ကယားပြည်နယ်အစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်  မတ် ၁၄

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ကယားပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာ ပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ကော်မရှင်ရုံး၊ အစည်း အဝေးခန်းမ၌ Online  စနစ်ဖြင့် ကျင်းပသည်။

ဆွေးနွေးပွဲတွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် က အဂတိလိုက် စားမှုတားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲများ ကျင်းပခြင်းဖြင့် အဂတိလိုက် စားမှု တားဆီးကာကွယ်ရေးနှင့်သက်ဆိုင်သည့် အသိအမြင်များ တိုးပွားလာမည်ဖြစ် ကြောင်း၊ အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းသွားခြင်းဖြင့် ပြည်သူ့ဘဏ္ဍာများကို နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွား ဖြစ်ထွန်းစေမည့် နေရာများတွင် မှန်မှန်ကန်ကန် သုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အများပြည်သူဆိုင်ရာဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ ပွင့်လင်းမြင်သာစွာဖြင့် မျှတစွာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးမှ ဖွံ့ဖြိုးတိုးတက်မှုများကို အကောင်အထည်ဖော်ရာတွင် အဟန့်အတားတစ်ခု ဖြစ်သည့် အတွက် အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်ရန်လိုအပ်ကြောင်း၊ သန့်ရှင်း သောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တစ်ခုကို အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန် ထမ်းများဖြင့်သာ အကောင်အထည်ဖော် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် က ၂၀၂၁ ခုနှစ်၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က “လူမှုအဖွဲ့အစည်းအတွင်း အဂတိလိုက်စားမှုကို လက်မခံသည့် ဖြောင့်မတ် တည်ကြည်မှု ရှိသည့် ယဉ်ကျေးမှုတစ်ရပ် ဖြစ်ထွန်းလာစေရန်အတွက် ပြည်သူလူထုတစ်ဦးချင်းစီက အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပါဝင်မှသာ မိမိလုပ်ငန်းခွင် ၊ မိမိနေထိုင်ရာ လူမှုပတ်ဝန်းကျင်ကို ရိုးသားဖြောင့်မတ်မှုနှင့် အဂတိကင်းစင်သော လူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်နိုင်မည်ဖြစ်ကြောင်း" ပြောကြားခဲ့ကြောင်း။

အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် အသိပညာပေးခြင်းနည်းလမ်းသည် အခြေခံကျသည့်နည်းလမ်းတစ်ခု ဖြစ်သည့်အတွက် အသိပညာပေးဟောပြောပွဲများ ကျင်းပ ပြုလုပ်နိုင်ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့် အရွေ့တစ်ခု ဖြစ်ကြောင်း၊ နိုင်ငံ့တာဝန် ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အသိပညာ ပေးဟောပြောပွဲများမှ အသိအမြင်၊ ဗဟုသုတ၊ ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ အကျိုးကျေးဇူးများ ရရှိပြီး နိုင်ငံ့တာဝန်ကို ရိုးသား ဖြောင့်မတ်စွာ ထမ်း‌ဆောင်ခြင်းဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုတွင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ ကော်မရှင်အနေဖြင့် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန် သောအုပ်ချုပ်မှုစနစ်သို့ လှမ်းကိုင်နိုင်ရေးသည် အန္တိမရည်မှန်းချက် ဖြစ်ပါကြောင်း ပြောကြားသည်။

ဆွေးနွေးပွဲသို့ ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ တက်ရောက်ကြပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူများက အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာနည်းပညာသင်တန်းကို မတ် ၁၅ ရက်တွင် ကယားပြည်နယ် အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) မှ အဖွဲ့ဝင်များကို Online စနစ်ဖြင့် ဆက်လက်ဆွေးနွေး ပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။

သတင်းစဉ်