ကယားပြည်နယ် လူငယ်ရေးရာကော်မတီ အစည်းအဝေးကျင်းပ

လွိုင်ကော် ၂၇ ဖေဖော်ဝါရီ

 

ကယားပြည်နယ် လူငယ်ရေးရာကော်မတီအစည်းအဝေးကို ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၉ နာရီခွဲက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ရုံးခန်း၌ ပြုလုပ်ကျင်းပသည်။

 

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ကယားပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက ပထမအကြိမ် လူငယ်ရေးရာကော်မတီ အစည်းအဝေးကို ၆-၁၂-၂၀၁၉ ရက်နေ့ကပြုလုပ်ခဲ့ပြီး ဆောင်ရွက်မည့်လုပ်ငန်းအား စီမံချက်များ ရေးဆွဲခဲ့ပါကြောင်း၊ လူငယ်များအနေဖြင့် ရှေ့ဆက်ပြီး ပိုမိုကောင်းမွန်သည့် လုပ်ငန်းများအား မူဝါဒနှင့်အညီ ဆက်လက်လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ လူငယ်များအနေဖြင့် အခုချိန်ကထဲက ကြိုးစားလုပ်ဆောင်မှ နောင်လာမည့်နှစ်များအတွင်း ပိုမိုလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လူငယ်မျိုးဆက်သစ်များကို အားပေးနေသလို အားလည်းကိုးပါကြောင်း၊ လူငယ်များအနေဖြင့် ရှေ့အနာဂတ်အတွက် အကောင်းဆုံးဖြစ်အောင် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရန်လိုကြောင်း၊ လူငယ်များအနေဖြင့် အတူတကွ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်မှုအား ကောင်းဖို့လိုအပ်ပါကြောင်း၊ လူငယ်စကားဝိုင်းများကို ပိုမိုပြုလုပ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လူငယ်မူဝါဒများ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာမှ တာဝန်ရှိသူတို့က ဝိုင်းဝန်းဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်ကြောင်း၊ လူငယ်ဦးဆောင်သူများ အနေဖြင့်လည်း လူငယ်များအား လက်တွဲခေါ်ဆောင်ဖို့ လိုအပ်မှာဖြစ်ကြောင်း၊ လူငယ်များကလည်း မိမိတို့၏ရည်ရွယ်ချက်များကို ဖော်ဆောင်မည်ဆိုပါက ပြည်နယ်အစိုးရ အဖွဲ့အားကိုယူပြီး ပေါင်းစပ်လက်တွဲဖို့ လိုအပ်မှာဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့ နားလည်မှုရှိရှိ ညှိနှိုင်းဆောင်ရွက်ကြဖို့၊ အချိန်တိုတိုနဲ့ ထိရောက်တဲ့ Action Plan များကို ရေးဆွဲဆောင်ရွက်ကြဖို့၊ မြို့နယ်ခုနစ်မြို့နယ်အထိ ဖြန့်ကျက်ဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ကြောင်း အဖွင့်အမှာစကားတွင် ပြောကြားသည်။

 

ဆက်လက်ပြီး ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဦးချန်ပဲ့က လူငယ်များ၏ ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြပြီး ပြည်နယ်လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး မမူဂျိုဝါးနာမှ ပြည်နယ်လူငယ်ရေးရာကော်မတီအနေဖြင့် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

 

mdn

 

ထို့နောက် ပြည်ထောင်စုလူငယ်ရေးရာ ကော်မတီအတွင်းရေးမှူး ကိုစောကလျာထွန်းက လူငယ်မူဝါဒများနှင့်ပတ်သက်၍ လူငယ်များပိုမို သိရှိနိုင်ရန်အတွက် ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အသီးသီးမှ တက်ရောက်လာကြသည့် လူငယ်များက လူငယ်များအတွက် အကျိုးရှိမည့် သင်တန်းများဖွင့်လှစ်ပေးခြင်း၊ လူငယ်စကားဝိုင်းများ ပိုမိုပြုလုပ် ဆောင်ရွက်နိုင်ရေး၊ လူငယ်များ ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိလာနိုင်စေရန်အတွက် အားကစားပွဲများ ပြုလုပ်ဆောင်ရွက်ပေးနိုင်ရေး၊ ဗီယမ်နမ်နိုင်ငံ၌ ပြုလုပ်ဆောင်ရွက်မည့် လူငယ်များတွေ့ဆုံခြင်းသို့ တက်ရောက်နိုင်ရန်အတွက် လူငယ်ကိုယ်စားလှယ် ရွေးချယ်ခြင်း၊ လူငယ်ရန်ပုံငွေများ ရှာဖွေနိုင်ရေး စသည့်အချက်များကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

mdn

 

အဆိုပါ အစည်းအဝေးသို့ ပြည်နယ် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ပြည်နယ်ပညာရေးမှူး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် ပြည်နယ် လူငယ်ရေးရာကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

ထွန်းလေး