ကယားလူမျိုးတို့၏ မိသားစုဖွဲ့စည်းပုံနှင့် ဆွေမျိုးတော်စပ်ပုံ

ရာမည

 

ကယားလူမျိုးတို့၏ လူမှုရေးအဖွဲ့အစည်းတွင် မိသားစုသည် အလွန်အရေးပါ အရာရောက်သည်ဟု ဆိုရမည်ဖြစ်သည်။ လူမှုရေးကိစ္စများတွင် မိသားစုက ဝိုင်းဝန်းကူညီလုပ်ကိုင် ဆောင်ရွက်ကြလေ့ရှိသည်။ အိမ်ထောင်စုတစ်ခုတွင် မိသားစုတစ်စုတည်းနေကြသည်က များသည်။ လက်ထပ်ပြီး ဇနီးမောင်နှံတို့မှာ အိမ်ခွဲနေရန် အဆင်သင့်မရှိသေးလျှင် မိဘများနှင့် တစ်နှစ်ခန့်အတူနေပြီးမှ အိုးသစ်အိမ်သစ်ထူထောင်၍ အိမ်ခွဲနေလေ့ရှိကြသည်။

 

မိဘများနှင့် အတူနေသည့်အခါတွင် စီးပွားရေးမှာ တပေါင်းတစည်း တစ်စီးပွားတည်းပင်ဖြစ်သည်။ မိသားစုတစ်ခုလုံး စုပေါင်းရှာဖွေကြပြီး စုပေါင်း၍ ချက်ပြုတ်စားသောက်ကြသည်။ မိဘများနှင့်အတူနေစဉ် ဦးစီးသူဖခင်က နာမကျန်းဖြစ်နေပါက ဖခင်၏အလုပ်ကို သားကြီးမရှိက သမီးကြီး၏ခင်ပွန်း သားသမက်က ဦးစီးလုပ်ကိုင်နိုင်သည်။ ဖခင်သည် အိမ်ထောင်ဦးစီးဖြစ်သည့်အပြင် သားသမီးများအပေါ်တွင် သြဇာလွှမ်းမိုးနိုင်သူဖြစ်သည်။ သြဇာအကြီးဆုံးဖြစ်သော ဖခင်ကို မိခင်နှင့်တကွ သားသမီးများက ချစ်ကြောက်ရိုသေမှု ရှိကြသည်။

 

သို့ရာတွင် ဖခင်ဖြစ်သူသည် သားရေးသမီးရေးကိစ္စများ၌ မိမိသဘောအတိုင်း ဆုံးဖြတ်ခြင်းမပြုမူဘဲ ၎င်းတို့၏ မိခင်ဖြစ်သူနှင့် တိုင်ပင်ဆွေးနွေးလေ့ရှိသည်။ အိမ်ထောင်ခွဲ သားသမီးတို့သည် မိဘနှင့်ခွဲခွာ၍ မိမိတို့အိမ်ဖြင့် သီးခြားနေထိုင်ကြသော်ငြား မိဘများကို အတူနေစဉ်ကကဲ့သို့ ရိုသေလေးစားမှုရှိကြပြီး မိဘများကို အကူအညီပေးကြသည့်အပြင် စားကောင်းသောက်ဖွယ်များကိုလည်း မိဘများထံသို့ ပို့ပေးလေ့ရှိကြသည်။

 

ကယားအိမ်ထောင်စုသည် ရိုးသားအေးချမ်းစွာနေထိုင်သော မိသားစုဖြစ်ပြီး အိမ်ထောင်ဦးစီး ဖခင်ဖြစ်သူ ကွယ်လွန်သွားပါက မိခင်ဖြစ်သူကပင် လုပ်ငန်းဆောင်တာများကို ဦးစီးလုပ်ကိုင်လေ့ရှိသည်။ မိဘနှစ်ပါးစလုံး ကွယ်လွန်သွားပါက သားအကြီးဆုံးက အိမ်ထောင်ကို ဦးစီးဦးဆောင်ပြုကာ ညီငယ်၊ နှမငယ်များ၏ စားဝတ်နေရေးကို တာဝန်ယူကြသည်။ သားအကြီးဆုံးမရှိသော အိမ်ထောင်စုတွင်မူ သမီးအကြီးဆုံးကပင် အိမ်ထောင်ကို ဦးစီး၍ မောင်ငယ်၊ ညီမငယ်များကို ကျွေးမွေးစောင့်ရှောက်မှုပြုကြသည်။

 

ထိုသို့ ကျွေးမွေးစောင့်ရှောက်ရာတွင် သားအကြီး သို့မဟုတ် သမီးအကြီးမှာ စီးပွားရေးမဖူလုံ၍ ညီငယ်၊ ညီမငယ်များအား မကျွေးမွေး၊ မပြုစုနိုင်ခဲ့သည်ရှိသော် ဦးလေးများ၊ အဒေါ်များက တာဝန်ယူ၍ မွေးစားလေ့ရှိကြသည်။ ကယားလူမျိုးများသည် ကလေးသူငယ်များအား ချစ်ခင်မြတ်နိုးတတ်သည့် စိတ်အခံရှိသည်နှင့်အညီ သားသမီးမထွန်းကားသော အိမ်ထောင်သည်များက သွေးမတော် သားမစပ်သောသူများ၏ ကလေးများကို မွေးစားလေ့ရှိကြသည်။ များသောအားဖြင့် မိဘမဲ့ကလေးများကို မွေးစားလေ့ရှိကြသည်။

 

တချို့ကလေးများသည် မိစုံဘစုံ ရှိပင်ရှိငြား တစ်ခါတစ်ရံတွင် ၎င်း၏မိဘများက အကြောင်းအမျိုးမျိုးကြောင့် မိမိတို့၏ သားသမီးများကို မွေးစားရန် သားသမီးမထွန်းကားသော ဇနီးမောင်နှံများထံ ပေးအပ်လေ့ရှိကြသည်။ များသောအားဖြင့် အလွန်ဆင်းရဲသော မိဘများက ၎င်းတို့၏ ရင်သွေးကောင်းစားရေးကို ရှေးရှုလျက် ငွေကြေးတတ်နိုင်သူများအား မွေးစားရန် ပေးလေ့ရှိကြသည်။

 

ထို့ပြင် အသက်အရွယ်ကြီးရင့်လာသူများ အနေဖြင့် အိုမင်းမစွမ်းရှိလာကြသောအခါ မိမိတို့အား မိဘအရင်းကဲ့သို့ ပြုစုစောင့်ရှောက် နိုင်စေရန်အလို့ငှာ ဆွေမျိုးများထဲမှဖြစ်စေ၊ သူစိမ်းတစ်ရံထဲမှဖြစ်စေ ကလေးများကို ခေါ်ယူမွေးစားလေ့ရှိကြသည်။ သို့သော်ငြား အချို့မှာ ကလေးမွေးစားသောအခါ အနီးစပ်ဆုံး ဆွေမျိုးများထံမှသာ ခေါ်ယူမွေးစားလေ့ရှိကြသည်။

 

ထိုသို့ ကလေးကိုခေါ်ယူမွေးစားသည့်အခါ မိမိတို့၏သားသမီး အရင်းအချာကဲ့သို့ ချစ်ခင်ယုယစွာ ပညာသင်ကြားပေးပြီး အမွေကိုလည်း ဆက်ခံစေလေ့ရှိကြသည်။ ထို့ကြောင့် ထိုမွေးစားကလေးကို အရေးတယူ ချစ်ခင်ကြသည်။ အဆိုပါကလေးသည် နိမ့်ကျခြင်းမရှိဘဲ ပတ်ဝန်းကျင်ကလည်း ထိုကလေးကို အရေးပေးချစ်ခင်ကြသည်။

 

မွေးစားသားသမီးများသည် မွေးစားသည့် မိဘတို့ကို ပြန်လည်ပြုစုသည်နှင့်အမျှ အမွေဆက်ခံခွင့်လည်း ရှိကြသည်။ မိဘများက သားသမီးများ အိမ်ထောင်ပြုပြီးနောက် အိမ်ခွဲနေချိန်မှစ၍ အမွေပစ္စည်းများကို အပြီးအပိုင် ခွဲဝေပေးလေ့ရှိကြသည်။ တစ်ဦးတည်းသာရှိသော သား သို့တည်းမဟုတ် သမီးသည် အိမ်ထောင်ကျသွားသော်လည်း မိဘများနှင့် တစ်သက်လုံး နေထိုင်မှုပြုကြသည်။ ထိုသို့သောအခါတွင် အိမ်ထောင်နှစ်စု တစ်အိမ်တည်း နေထိုင်ကြသည်ကို တွေ့ရပေသည်။ သားအထွေးဆုံးသည်လည်း အိမ်ထောင်ကျသွားသောအခါ မိဘများနှင့်ပင် နေထိုင်၍ မိဘများကို ပြုစုလေ့ရှိကြသည်။