နေပြည်တော် ၁၈ ဧပြီ
ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါ
ဦးနှောက်အမြှးရောင်ရောဂါ ( Meningococcal Meningitis) သည် အများအားဖြင့် ဘက်တီးယားပိုးကြောင့် ဖြစ်ပွားပြီး ကူးစက်မြန်ရောဂါတစ်ခု ဖြစ်သည်။ ကျား/မ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး အသက်(၇)နှစ်မှ (၁၄)နှစ်အတွင်းရှိ ကလေးများတွင် ပိုမိုဖြစ်ပွားလေ့ရှိပါသည်။
ရောဂါလက္ခဏာများ
• လတ်တလော ပြင်းထန်စွာဖျားခြင်း
• ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
• ဇက်တောင့်ခြင်း
• ကြွက်သားများ နာကျင်ခြင်း
• အန်ခြင်း၊ မှိန်ခြင်း၊ သတိလစ်ခြင်း
• သွေးလန့်ခြင်း၊ တက်ခြင်း
• အရေပြားတွင် သွေးခြေဥများ ထွက်ခြင်း
• ငယ်ထိပ်မပိတ်သေးသော (၁)နှစ်အောက် ကလေးများတွင် ငယ်ထိပ်ဖောင်းခြင်း၊ တင်းခြင်း
အထက်ပါရောဂါလက္ခဏာများ ဖြစ်ပွားလာပါက (၂)နာရီမှ (၄၈)နာရီအတွင်း ရောဂါပြင်းထန်လာကာ အသက်သေဆုံးသည်အထိ ဖြစ်တတ်ပါသည်။
ရောဂါဖြစ်ပွားပြီး အသက်ရှင်သူများတွင် ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် ဦးနှောက် ချို့ယွင်း၍ အကြားအာရုံဆုံးရှုံးခြင်း၊ ပညာသင်ကြားရန် အခက်အခဲရှီခြင်းတို့ ဖြစ်တတ်ပါသည်။
ကူးစက်နိုင်သည့် နည်းလမ်းများ
• လူသည် တစ်ခုတည်းသော ရောဂါပိုး သိုလှောင်ရာဌာနဖြစ်သည်။
• ရောဂါပိုးသည် ရောဂါပိုးရှိသူ လူနာ ချောင်းဆိုးခြင်း၊ နှာချေခြင်းမှ ထွက်သော သလိပ်မှုန်များမှ တဆင့် တိုက်ရိုက်ကူးစက်သည်။
• ရောဂါဖြစ်ပွားသူ၏ ချွဲ၊ သလိပ်၊ ခန္ဓာကိုယ်မှ ထွက်သော အရည်နှင့် အသုံးအဆောင် ပစ္စည်းများကို ထိတွေ့မိခြင်းတို့မှလည်း ကူးစက်နိုင်သည်။
ကာကွယ်နိုင်မည့် နည်းလမ်းများ
• အောက်ဖော်ပြပါ အခြေအနေများကို ဆောင်ရွက်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောရမည်။
Ø အစာမစားမီနှင့် အစာစားပြီးချိန်
Ø အစားအစာမပြင်ဆင်မီနှင့် ပြင်ဆင်ပြီးချိန်
Ø ကြက်၊ ငှက် အသားများနှင့် ကြက်၊ ငှက် စွန့်ပစ်ပစ္စည်းများ ကိုင်တွယ်ပြီးချိန်
Ø လူနာအသုံးအဆောင်ပစ္စည်းများ ကိုင်တွယ်ပြီးချိန်နှင့် လူနာကို ပြုစုပြီးချိန်
Ø နှပ်ညှစ်ပြီးချိန်၊ နှာချေ၊ ချောင်းဆိုးပြီးချိန်
• နှာချေ၊ ချောင်းဆိုးသောအခါ ပါးစပ်နှင့် နှားခေါင်းစည်း အသုံးပြုခြင်း၊ တစ်ရှူး၊ လက်ကိုင်ပဝါ (သို့မဟုတ်) မိမိလက်အား တံတောင်ဆစ်ကွေး၍ နှာခေါင်းနှင့် ပါးစပ်ကို အုပ်ပေးခြင်းပြုလုပ်ပါ။
• တံတွေး၊ သလိပ်များကို စည်းကမ်းမဲ့ထွေးခင်းမှ ရှောင်ကြဉ်ပါ။
• ပွဲလမ်းသဘင်၊ လူစည်ကားသောနေရာနှင့် ဖုန်ထူထပ်သော နေရာများကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
• ရောဂါဖြစ်ပွားသူများ၊ ရောဂါရှိသည်ဟု ယူဆရသူများနှင့် တွေ့ဆုံရန် လိုအပ်ပါက ရောဂါမကူးစက်စေရန် နှာခေါင်းနှင့် ပါးစပ် ဖုံးအုပ်ထားသော မျက်နှာဖုံး အခြားအကာအကွယ် ပစ္စည်းကို အသုံးပြုပါ။
• ယုံကြည်စိတ်ချရသော ကြိုတင်ကာကွယ်ဆေး (Meningoccal Vaccine) ထိုးခြင်းဖြင့်လည်း ကာကွယ်နိုင်ပါသည်။
ကြိုတင်ကာကွယ်ဆေးတိုက်ကျွေးခြင်း
• ကြိုတင်ကာကွယ်ဆေး တိုက်ကျွေးခြင်းကို ရောဂါဖြစ်သူနှင့် အနီးကပ် အတူနေ မိသားစုဝင်များ၊ အခန်းဖော်များ၊ ရောဂါဖြစ်ပွားသူအား ထိတွေ့ကိုင်တွယ်သူများကိုသာ တိုက်ကျွေးသင့်ပါသည်။
• အုပ်စုလိုက် ရပ်ကွက်/ရွာလုံးကျွတ် ကာကွယ်ဆေးတိုက်ကျွေးခြင်း မပြုလုပ်ပါနှင့်။
သိမှတ်ဖွယ်ရာ အချက်များ
• ခြောက်တွေ့အေးမြသော၊ ပူပြင်းသော ရာသီများတွင် ရောဂါပိုမိုဖြစ်ပွားသည်။
• လေထုစိုထိုင်းမှုနည်း၍ ခြေက်တွေ့ခြင်း၊ ဖုန်ထူခြင်းနှင့် ပွဲလမ်းသဘင်များသည် ရောဂါဖြစ်ပွားစေသည့် ရောဂါကူးစက်ခံရနိုင်ခြေ ပိုများသည့် အခြေအနေများဖြစ်သည်။
• လူစုလူဝေးနှင့် နေထိုင်မှုသည် ရောဂါပိုမို ပျံ့နှံ့လွယ်သည်။
ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။
MDN