ကူးစက်ရောဂါများထဲမှ အေအိုင်ဒီအက်စ်ရောဂါ အကြောင်းသိကောင်းစရာ

နေပြည်တော် ၁၅ ဧပြီ

အေအိုင်ဒီအက်စ်ရောဂါ(ခုခံအားကျဆင်းမှု ကူးစက်ရောဂါ)

လူခန္ဓာကိုယ်၏ ခုခံအားကျဆင်းစေသော ဗိုင်းရပ်စ်ပိုးကို အိပ်(ချ်)အိုင်ဗွီပိုးဟု ခေါ်သည်။

လူ၏ ကိုယ်ခံအားစနစ်ကို အိပ်ချ်အိုင်ဗွီပိုးက ဖျက်ဆီးပြစ်သဖြင့် ဖြစ်ပေါ်လာသော ရောဂါလက္ခဏာပေါင်းစုကို အေအိုင်ဒီအက်စ် ရောဂါ(ခုခံအားကျဆင်းမှု ကူးစက်ရောဂါ) ဟုခေါ်သည်။


အေအိုင်ဒီအက်စ်ရောဂါ အဓိက လက္ခဏာများ

အကြောင်းအရင်းမသိ ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းခြင်း

အကြောင်းအရင်းမသိ ကြာရှည်ဖျားခြင်း(အဖျားဆက်တိုက်(သို့မဟုတ်) အတက်အကျရှိခြင်း၊ တစ်လထက်ပိုကြာခြင်း)

အကြောင်းအရင်းမသိ တစ်လထက် ပိုကြာအောင် ဝမ်းလျှောခြင်း/ ဝမ်းပျက်ခြင်း

ပါးစပ်တွင်း မှက္ခရု ကြာရှည်ဖြစ်ခြင်း

ဆင်ရေယုန်ပေါက်ခြင်းတို့ ဖြစ်ပါသည်။

အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရသည်နှင့် ရောဂါလက္ခဏာ ချက်ချင်းမပြတတ်ပါ။ (၅)နှစ်/(၁၀)နှစ်ကြာမှ လက္ခဏာပြတတ်ပါသည်။ ရောဂါလက္ခဏာ မပြသေးသော်လည်း အခြားသူများသို့ ကူးစက်နိုင်ပါသည်။

ကူးစက်နိုင်သည့် နည်းလမ်းများ 

၁။ ပိုးရှိသူနှင့် အကာအကွယ်မပါဘဲ လိင်ဆံရာ (လိင်တူ/လိင်ကွဲ)မှတဆင့် ကူးစက်ခြင်း

၂။ ပိုးရှိသူ အသုံးပြုပြီးသော မသန့်ရှင်းသော ဆေးထိုးအပ်၊ ဆေးထိုးကိရိယာများနှင့် မူးယစ်ဆေးထိုးသွင်းခြင်း၊ ဆေးထိုးအပ်များ မျှဝေသုံးစွဲခြင်း

၃။ ပိုးရှိသော သွေးသွင်းမိရာမှ ကူးစက်ခြင်း

၄။ ပိုးရှိသော ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓသားသို့ ကူးစက်ခြင်း


ပိုးကူးစက်ခံရနိုင်ခြေရှိသူများ

လိင်လုပ်သားများနှင့် ၎င်းတို့၏ လိင်ဆက်ဆံဖက်များ 

အမျိုးသားချင်း လိင်တူဆက်ဆံသူများ

မူးယစ်ဆေး သွေးကြောထဲ ထိုးသွင်းသုံးစွဲသူများ

လိင်တူလိင်ကွဲ ဆက်ဆံသူများတွင် လိင်အင်္ဂါလမ်းကြောင်း၌ မဖြူဆင်းညောင်းကျခြင်း၊ အနာပေါက်ခြင်းများ ရှိနေပါက အိပ်(ချ်)အိုင်ဗွီပိုး ကူးစက်ခံနိုင်မှုသည် အဆ(၉)ဆခန့်အထိ ဖြစ်နိုင်ပါသည်။


မကူးစက်နိုင်သော နည်းလမ်းများ

ချောင်းဆိုးနှာချေခြင်း၊

လက်ဆွဲနှုတ်ဆက်ခြင်း၊

ဖက်ခြင်း

သာမန်နမ်းရှုံ့ခြင်း၊

ပန်းကန်၊ ခွက်၊ ဇွန်းအတူတူသုံးစွဲခြင်း၊ အတူစားသောက်ခြင်း၊

တယ်လီဖုန်း၊ အိမ်သာ၊ တံခါးလက်ကိုင်၊ ထိုင်ခုံ စသဖြင့် အသုံးဆောင်ပစ္စည်းတို့ကို အတူတူ ကိုင်သွယ်သုံးစွဲခြင်း၊

တစ်ခန်းတည်း အတူနေခြင်း၊ အတူတူအလုပ်လုပ်ခြင်းတို့ကြောင့် မကူးစက်နိုင်ပါ။

ခြင်ကဲ့သို့သော ပိုးမွှားများ ကိုက်ခံရခြင်း

သာမန်ထိတွေ့ဆက်ဆံမှုများမှ မကူးစက်နိုင်ပါ။



ကာကွယ်နိုင်မည့် နည်းလမ်းများ 

ကူးစက်မည့် အန္တရာယ်ရှိနိုင်သော အပြုအမူများကို ရှောင်ကြဉ်ရန် အလွန်အရေးကြီးပါသည်။

လိင်ကိစ္စ အပျော်အပါး လိုက်စားခြင်းကို ရှောင်ကြဉ်ရန်

မူးယစ်ဆေးဝါးရှောင်ကြဉ်ရန်

တစ်ခါသုံး ဆေးထိုးအပ်၊ ဆေးထိုးပြွန်များသုံးစွဲခြင်း၊ လုံခြုံစိတ်ချရသော သွေးသွင်းခြင်း

လိင်ဆက်ဆံရာတွင် အကာကွယ်ပစ္စည်း(ကွန်ဒုံး) စနစ်တကျ သုံးစွဲရန်


သွေးစစ်ဆေးခြင်း

အိပ်ချ်အိုင်ဗွီ ပဋိပစ္စည်း ရှိ/မရှိ သိလိုပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများတွင် အိပ်ချ်အိုင်ဗွီ ပဋိပစ္စည်း ရှိ/မရှိ သွေးစစ်ခြင်းဖြင့် သိရှိနိုင်ပါသည်။

အိပ်ချ်အိုင်ဗွီ ပဋိပစ္စည်း ရှိ/မရှိ သွေးစစ်မည်ဆိုပါက မိမိဆန္ဒအလျောက် နှစ်သိမ့်ဆွေးနွေးမှုခံယူပြီးမှ နီးစပ်ရာ ဆေးရုံ/ ဆေးခန်းများနှင့် ကျန်းမာရေးဌာနများတွင် ပြုလုပ်သင့်ပါသည်။

သွေးစစ်ဆေးသည့် အဖြေတွင် ပဋိပစ္စည်းမတွေ့ဟု ဆိုလျှင် ပြီးခဲ့သော ၆လပတ်အတွင်း အိပ်ချ်အိုင်ဗွီကူးစက်နိုင်သော အခြေအနေတစ်ရပ်ရပ်နှင့် ထိတွေ့မှုရှိခဲ့သောသူသည် နောက်ထပ် ၄ ပတ်မှ ၆ပတ်အတွင်း ပြန်လည်စစ်ဆေးရန်၊ ဦးတည်အုပ်စုဝင်များနှင့် အိပ်ချ်အိုင်ဗွီ ကူးစက်နိုင်မှု အခြေအနေနှင့် ဆက်လက်၍ ထိတွေ့နေသောသူ (မိမိ၏ လိင်ဆက်ဆံဖက်တွင် အိပ်ချ်အိုင်ဗွီရှိသူ)များတွင် ၆လ တစ်ကြိမ် စစ်ဆေးရန် ဖြစ်ပါသည်။

အိပ်ချ်အိုင်ဗွီ ပဋိပစ္စည်း ရှိ/မရှိ ကို ကိုယ်ဝန်ဆောင်မိခင်နှင့် ခင်ပွန်းတို့သည် နီးစပ်ရာ ဆေးရုံ/ဆေးခန်း၊ ကျန်းမာရေးဌာနများတွင် သွေးစစ်သင့်ပါသည်။ အကယ်၍ ကိုယ်ဝန်ဆောင်မိခင်တွင် အိပ်ချ်အိုင်ဗွီပိုးရှိပါက မိခင်မှ ကလေးသို့ ကူးစက်နိုင်မှုကို ကာကွယ်ခြင်းနှင့် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများကို လျင်မြန်စွာ ရရှိနိုင်မည်။

အိပ်ချ်အိုင်ဗွီပိုးရှိသူ မိခင်မှ မွေးဖွားလာသည့် ကလေးငယ်များကို အသက်၄ ပတ်မှ ၆ ပတ်အတွင်း ဗိုင်းရပ်စ်ပိုးကို စစ်ဆေးခြင်းနည်းဖြင့် အိပ်ချ်အိုင်ဗွီပိုးရှိ/မရှိ စစ်ဆေးနိုင်ပါသည်။ ဗိုင်းရပ်စ် ပိုးစစ်ဆေးခြင်းနည်းဖြင့် အိပ်ချ်အိုင်ဗွီပိုးမရှိဟု အဖြေထွက်သော ကလေးများကို အသက်(၉)လနှင့် (၁၈)လတို့တွင် အိပ်ချ်အိုင်ဗွီ ပဋိပစ္စည်းရှိ/မရှိ စစ်ဆေးရန် (သို့မဟုတ်) မိခင်နို့ဖြတ်ပြီး (၃)လအကြောတွင် ပြန်လည်စစ်ဆေးရန် လိုအပ်ပါသည်။


ဆေးကုသမှုခံယူခြင်း

စနစ်တကျ ဆေးကုသမှုခံယူ၍ သက်တမ်းစေ့ နေနိုင်ပါသည်။

အိပ်ချ်အိုင်ဗွီပိုးရှိသူများသည် ဘဝတစ်သက်တာ သောက်သုံးရမည့် အေအာတီဆေးဖြင့် ဆေးကုသမှု ခံယူနိုင်ပါသည်။

အေအာတီဆေးဝါး သောက်သုံးနေသူများသည် ဆေးကို မပျက်မကွက် နေ့စဉ် အချိန်မှန် ညွှန်ကြားထားသည့်အတိုင်း သောက်သုံးရမည်။

အိပ်ချပ်အိုင်ဗွီပိုးရှိသူများတွင် လတ်တလော ချောင်းဆိုးခြင်း၊ ညဘက်ချွေးပြန်ခြင်း(သို့မဟုတ်) ပြန်ရည်ကြိတ်များ ကြီးလာခြင်း စသော တီဘီလက္ခဏာများ မရှိပါက Isoniazid Preventive Therapy (IPT)ကို (၆)လတိုက်ကျွေးခြင်းဖြင့် တီဘီရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါသည်။

အိပ်ချ်အိုင်ဗွီပိုးရှိ ကိုယ်ဝန်ဆောင်မိခင်များအတွက် အေအာတီဆေးနှင့် ၎င်းတို့မွေးဖွားလာသော ကလေးများအတွက် အေအာဗွီကာကွယ်ဆေးများကို သက်ဆိုင်ရာမြို့နယ်များတွင် ရရှိနိုင်ပါသည်။

အိပ်ချ်အိုင်ဗွီပိုးတွေ့ ကလေးများအား အေအာတီဆေးကုဌာနများသို့ ညွှန်ပို့ပေးရပါမည်။

အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရသော အမျိုးသမီးများသည် သင့်လျော်သော သားဆက်ခြားနည်းလမ်းများကို နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနများတွင် ကျန်းမာရေးဝန်ထမ်းများထံမှ လက်လှမ်းမီစွာ ရရှိနိုင်သည်။

အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရသော မွေးကင်းစကလေးများအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်း ပြုလုပ်သင့်/ မသင့်ကို သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများနှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။

အေအိုင်ဒီအက်စ်ရောဂါနှင့် ခွဲခြားနှိမ့်ချဆက်ဆံခြင်း

ခွဲခြားနှိမ့်ချဆက်ဆံခြင်းသည် အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရသော သူများကို မှန်ကန်သော ဆေးကုသမှုနှင့် ပြုစုစောင့်ရှောက်မှုများ ရရှိရန် နှောင့်နှေးစေနိုင်သောကြောင့် ခွဲခြားနှိမ့်ချဆက်ဆံခြင်း မပြုလုပ်သင့်ပါ။

ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။

MDN