ကူးစက်နိုင်သည့် အရေပြားရောဂါများ

၂၀ ဇန်နဝါရီ

အရေပြား ဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံး အစိတ်အပိုင်းပါ။ အရေပြားရဲ့တာဝန်က ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ ကူးစက်တာမျိုး မရှိစေဖို့အတွက် တားပေးဖို့ပါ။ ဒီလိုတားပေးတဲ့ ခံတပ်ဆိုပေမယ့် တစ်ခါတလေမှာ အရေပြားကိုယ်တိုင်ကလည်း ကာကွယ်ရင်း ကူးစက်တတ်တဲ့ ရောဂါပိုးတွေကိုကိုယ်တိုင် ကူးစက်ခံလိုက်ရတဲ့ အခိုက်အတန့်တွေ ရှိပါတယ်။

အရေပြားမှာ ဖြစ်ပေါ်နိုင်တဲ့ ကူးစက်ရောဂါတွေက အမျိုးမျိုးသော ပိုးမွှားတွေကြောင့် ဖြစ်နိုင် သလို ရောဂါလက္ခဏာတွေကလည်း သိပ်မပြင်းထန်တဲ့ အခြေအနေကနေ အရမ်းကို ပြင်းထန်တဲ့ အခြေအနေမျိုးအထိ ဆိုးဝါးနိုင်ပါတယ်။

အရေပြားမှာ ဖြစ်တဲ့ကူးစက်ရောဂါတွေကို သိပ်မပြင်းထန်ဘူးဆိုရင် အလွယ်တကူ ဆေးစာမလိုဘဲ ဝယ်ယူလို့ရတဲ့ ဆေးတွေ သောက်သုံးပြီး ကုသလို့ရသလို အိမ်တွင်းကုထုံးတွေနဲ့လည်း ကုသလို့ရပါတယ်။ တကယ်လို့ ပြင်းထန်မယ်ဆိုရင်တော့ သေချာလေး ကုသမှု ခံယူဖို့ လိုမှာပါ။

ကူးစက်တတ်သော အရေပြားရောဂါတွေကတော့ အများကြီးပါ။ ကူးစက်တတ်တဲ့ အရေပြားရောဂါ တွေကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကိုတော့ အဓိကအနေနဲ့ အခုလို ပိုင်းခြားထားပါတယ်။

ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အရေပြားကူးစက်ရောဂါများ

ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အရေပြားကူးစက်ရောဂါတွေက စဖြစ်စမှာ သေးငယ်ပြီး အနီရောင် အဖုလေးတွေလောက်ပဲ ဖြစ်တာပါ။ ဒီလိုကနေမှ တဖြည်းဖြည်း အရွယ်အစား ကြီးလာတာပါ။ အချို့သော ဘက်တီးရီးယားကစက်မှုကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေက သိပ်ပြင်းထန်လေ့ မရှိ သလို လိမ်းဆေးလောက်နဲ့ ကုသပျောက်ကင်းတာ၊ သောက်ဆေး၊ လိမ်းဆေးလောက်နဲ့ ကုသပျောက်ကင်းတာမျိုး ရှိနိုင်ပါတယ်။ ဘက်တီးရီးယားပိုးဝင်ကူးစက်မှုကြောင့်ဖြစ်နိုင်တဲ့ အရေပြား ကူးစက်ရောဂါတွေက

•           အနာစိမ်း (သို့မဟုတ်) အရေပြားပိုးဝင်ခြင်း (cellulitis )

•           အနာစက် (impetigo)

•           မွေးကျွတ်နာ၊ သွေးစုနာ (boils)

•           အနာကြီးရောဂါ (leprosy)တွေပါ။

 ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အရေပြားကူးစက်ရောဂါများ

ဗိုင်းရပ်စ်ပိုးကြောင့်လည်း အရေပြား ကူးစက်မှုတွေဖြစ်တယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အရေပြားရောဂါတွေက သိပ်မပြင်းထန်တဲ့အဆင့်ကနေ အရမ်းပြင်းထန်တဲ့ အဆင့်အထိဖြစ်နိုင်ပါတယ်။

ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အရေပြားရောဂါတွေက

•           ဆင်ဖြူတော်ရေယုန် (shingles)

•           ရေကျောက် (chickenpox)

•           ငါးမျက်စိ (Molluscum contagiosum)

•           ကြွက်နို့ (warts)

•           ဝက်သက် (measles)

•           လက်၊ ခြေထောက်နဲ့ ပါးစပ်ရောဂါ (hand, foot, and mouth disease)တွေပါ။

မှိုပိုးကြောင့်ဖြစ်တဲ့ အရေပြားကူးစက်ရောဂါများ

မှိုပိုးကြောင့်ဖြစ်တဲ့ အရေပြားရောဂါတွေက ခန္ဓာကိုယ်ရဲ့ စိုထိုင်းဆများတဲ့နေရာတွေမှာ ပိုဖြစ်နိုင်ပါတယ်။ ဥပမာ ချိုင်းကြားအောက်နဲ့ ခြေဖဝါးစတဲ့နေရာတွေမှာပါ။ မှိုပိုးကူစက်မှုကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေက ကူးစက်နိုင်ခြေနည်းသလို အသက်အန္တရာယ်ကိုလည်း မထိခိုက်စေပါဘူး။

မှိုပိုးကြောင့်ဖြစ်နိုင်တဲ့ အရေပြားကူးစက်ရောဂါတွေက

•           သဲဝဲ (athlete’s foot)

•           မှိုပိုးဝင်ကူးစက်ခြင်း (yeast infection)

•           ပွေး (ringworm)

•           လက်သည်းမှိုစွဲခြင်း (nail fungus)

•           မှက္ခရု (oral thrush)

•           သေးခံလောင်ခြင်း (diaper rash) စတာတွေပါ။

ကပ်ပါးပိုးကြောင့်ဖြစ်နိုင်တဲ့ အရေပြားကူးစက်ရောဂါများ

ဒီအရေပြား ကူးစက်ရောဂါ အမျိုးအစားက ကပ်ပါးပိုးကြောင့်ဖြစ်တာပါ။ ဒီလို ကပ်ပါးပိုး ကူးစက်မှုက အရေပြားကနေတဆင့် သွေးကြောတွေထဲကို ရောက်သွားတာမျိုး ရှိနိုင်သလို ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေဆီ ပြန့်သွားတာမျိုးလည်း ရှိနိုင်ပါတယ်။ ကပ်ပါးပိုးကူးစက်မှုကြောင့်ဖြစ်တဲ့ အရေပြားပြဿနာက အသက်အန္တရာယ် မထိခိုက်နိုင်ပေမယ့် သက်တောင့်သက်သာမဖြစ်စေတာတော့ အမှန်ပါပဲ။

•           သန်းကိုက်တာ

•           ဂျပိုးကိုက်တာ

•           ဝဲ

•           ချိတ်သန်ကောင်ကြောင့်ဖြစ်တဲ့ အရေပြားရောဂါစတာတွေပါ။

အရေပြားပေါ်မှာ ရောဂါပိုးတွေကူးစက်ခံရတဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ……………

အရေပြားပေါ်မှာ ရောဂါပိုးတွေ ကူးစက်ခံရတဲ့အခါ အမျိုးအစားပေးလိုက်ပြီး လက္ခဏာတွေကလည်း ကွာခြားသွားနိုင်ပါတယ်။ များသောအားဖြင့်ကတော့ အရေပြားမှာ အနီရောင်အကွက်တွေဖြစ်တာ၊ အဖုအပိမ့်ထွက်တာတွေ ဖြစ်နိုင်ပါတယ်။ အခြားလက္ခဏာတွေ အနေနဲ့ကတော့ ယားယံတာ၊ နာကျင်တာ၊ ရောင်ကိုင်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

တကယ်လို့ အရေပြားမှာ ပြည်ဖုတွေထွက်မယ်။ အရည်ကြည်ဖုတွေထွက်မယ်၊ အရေပြားပိုးဝင်တာက အချိန်အတော်ကြာတဲ့အထိ မသက်သာလာဘူးဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့ လိုပါမယ်။ အရေပြား ပိုးဝင်ကူးစက်တာက အရေပြားပေါ်မှာတင်မကဘဲ သွေးကြောတွေနဲ့ အခြား အစိတ်အပိုင်းတွေဆီကိုပါ ပြန့်နှံ့သွားနိုင်တာကြောင့်ပါ။ အဆိုးဆုံးအနေနဲ့ကတော့ အသက်အန္တရာယ်ခြိမ်းခြောက်နိုင်တာပါ။

ပြင်းထန်တဲ့ ကူးစက်တတ်တဲ့ အရေပြားရောဂါတွေအနေနဲ့

•           ပြည်ဖုတွေဖြစ်တာ

•           အရည်ကြည်ဖုတွေထတာ

•           အရေခွံတွေကွာမယ်၊ အရေပြားကွဲတာမျိုး

•           အရေပြားအရောင်ပြောင်းတာ

•           နာကျင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

ကူးစက်တတ်သော အရေပြားရောဂါကို ဖြစ်စေတဲ့အကြောင်းအရင်းက ကူးစက်ခံရမှု အမျိုးအစားကိုလိုက်ပြီး ကွာခြားနိုင်ပါတယ်။

ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အရေပြားကူးစက်ရောဂါ

ဒီအရေပြားရောဂါက ခန္ဓာကိုယ်နေရာတိုင်းလိုလိုမှာ တွေ့ရနိုင်ပါတယ်။ အရေပြားကို ကုတ်ခြစ်မိတာ၊ ပြတ်ရှတာလိုမျိုး အရေပြားပေါက်ပြဲမှုတွေကနေတဆင့် ဝင်ရောက်ကူးစက်ခံရနိုင်ပါတယ်။ ဒါပေမယ့် ကုတ်ခြစ်ရာတွေ ရှိတိုင်း အရေပြားပြဿနာဖြစ်မယ်လို့ မဆိုသာပါဘူး။ ဒါပေမယ့် အရေပြားမှာ ကုတ်ခြစ်ရာတွေ ရှိနေတာက အရေပြားရောဂါဖြစ်နိုင်ခြေ ပိုများနေပါတယ်။ ကိုယ်ခံအားစနစ်ကလည်း အားနည်းနေမယ်ဆိုရင်ပေါ့။

ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အရေပြားကူးစက်ရောဂါ

ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အရေပြားရောဂါ အများစုက ဒီဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်ရတာပါ။ poxvirus ၊ human papillomavirus နဲ့ herpes virusတွေကြောင့်ပါ။

မှိုပိုးကြောင့်ဖြစ်တဲ့ အရေပြားကူးစက်ရောဂါ

နေထိုင်မှုပုံစံနဲ့ ခန္ဓာကိုယ်ရဲ့ ဓာတုစနစ်တွေကြောင့်  အရေပြားမှာ မှိုပိုးကူးစက်တဲ့ရောဂါတွေ ခံစားရနိုင်ခြေများပါတယ်။ ဥပမာ ချွေးထွက်များတာ၊ စိုထိုင်းဆများတဲ့ ပတ်ဝန်းကျင်အနေအထားတွေက အရေပြားမှာ မှိုပိုးကူးစက်ခံရနိုင်ခြေ များစေပါတယ်။

ကပ်ပါးပိုးကြောင့်ဖြစ်တဲ့ အရေပြားကူးစက်ရောဂါ

သေးငယ်တဲ့ ကပ်ပါးပိုးလေးတွေ ပိုးမွှားပိစိလေးတွေက အရေပြားအောက်ထဲကို ဝင်ပြီး ဥတွေဥချရာကနေ အရေပြားမှာ ကပ်ပါးပိုးတွေ ပေါက်ဖွားပြီး အရေပြား ပိုးဝင်ကူးစက်တာတွေ ဖြစ်လာပါတယ်။

ဘယ်လိုစစ်ဆေးသိရှိနိုင်မလဲ။

အရေပြားပြဿနာတွေကို သိရှိနိုင်မယ့် အကောင်းဆုံး နည်းလမ်းက အရေပြားပြဿနာဖြစ်စေတဲ့ အကြောင်းအရင်းကို ဆန်းစစ်ဖို့ပါ။ အရေပြားပြဿနာ ဖြစ်ပွားတဲ့နေရာ၊ အသွင်အပြင်ကိုကြည့်ပြီး ဆရာဝန်တွေက အရေပြားရောဂါ အမျိုးအစားကို သတ်မှတ်ပေးတာပါ။

အရေပြားမှာဖြစ်နေတဲ့ အဖုအပိမ့်တွေ၊ အရည်ကြည်ဖုတွေ၊ အင်ပြင်လို အရာတွေကို ကြည့်ပြီး အရေပြားပြဿနာကို ဆုံးဖြတ်တာဖြစ်သလို အရေပြားအစလေးတွေကို ဆန်းစစ်တာကနေတဆင့်လည်း အရေပြားပြဿနာအမျိုးအစားကို သိရှိနိုင်ပါတယ်။

ဘယ်လိုကုသမလဲ။

အရေပြားပြဿနာ အမျိုးအစားပေါ်မူတည်ပြီး ကုသမှုတွေလည်း ကွာခြားနိုင်ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အချို့သော အရေပြား ပြဿနာတွေက ရက်အနည်းငယ် ဒါမှမဟုတ် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ သက်သာသွားနိုင်ပါတယ်။

ဘက်ရီးယားပိုး ကူးစက်တာကြောင့် ဖြစ်တဲ့ အရေပြားပြဿနာတွေကတော့ ပိုးသတ်ဆေးတွေ လိမ်းပေးရတာ ၊ ပဋိဇီဝ ပိုးသတ်ဆေးတွေ သော်ကရတာမျိုး ရှိနိုင်ပါတယ်။ ဆေးယဉ်ပါးလိုဖြစ်နေတဲ့ ပိုးမျိုးစိတ်တွေကိုတော့ သေချာလေး ကုသမှုတွေ ခံယူဖို့လိုပါမယ်။

မှိုပိုးကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေကတော့ မှိုသတ်ဆေးလို ဆေးမျိုးတွေ လိမ်းရနိုင်ပါတယ်။ တကယ်လို့ မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှု ခံယူဖို့ လိုပါမယ်။

အိမ်တွင်းကုထုံးတွေ အနေနဲ့ကတော့

•           ရေအေးဝတ်ကပ်တာမျိုးလုပ်ပြီး ယားယံတာနဲ့ ရောင်ရမ်းတာတွေကို သက်သာအောင် လုပ်ရပါမယ်။

•           လိမ်းဆေးတွေ လိမ်းပြီး ယားယံတာကို သက်သာစေဖို့နဲ့ အရေပြားမှာခံစားရတဲ့ မအီမသာဖြစ်တာတွေကို သက်သာစေဖို့ လုပ်ရပါမယ်။

Takeaways

အရေပြားပြဿနာ ကင်းစေဖို့ဆိုရင် အရေပြားကို သန့်စင်အောင် ဂရုစိုက်ပါ။ မကြာခဏ လက်ဆေးပါ။ အရေပြားမှာ ပုံမှန်မဟုတ်တဲ့ အခြေအနေ တစ်ခုခု တွေ့တာနဲ့ သေချာ ဂရုစိုက်ပါ။ လိုအပ်ရင် ကုသမှု ခံယူပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Aye Thi Mon