ကူးစက်မှုတိုးနေသော်လည်း ဥရောပတွင် ကျောင်းများဆက်လက်ဖွင့်ထားဆဲဖြစ်

ခြူးစန္ဒီနွေး

 

အခုဆိုရင် ဥရောပမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေ တစ်ကျော့ပြန်များပြားလာပြီး ဒုတိယအကျော့ရိုက်ခတ်မှုကြောင့် အသွားအလာပိတ်ဆို့ကန့်သတ်မှုတွေ ပြန်လည်ချမှတ်နေရပါတယ်။ ကိုဗစ်-၁၉ ကူးစက်မှုကို ရပ်တန့်ဖို့အတွက် အသွားအလာပိတ်ဆို့မှုတွေ၊ ကန့်သတ်ချက်တွေ ပြန်လည်လုပ်ဆောင်နေရပေမယ့် ကျောင်းတွေကို ပိတ်မပစ်ပါဘူး။

 

ကျောင်းတွေပိတ်မပစ်သေး

ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်ဟာ ပြည်သူတွေရဲ့ နေထိုင်မှုဘဝပုံစံမှာ ကန့်သတ်ချက်တွေကို ထုတ်ပြန်ခဲ့ပါ တယ်။ ကားတွေ၊ စားသောက်ဆိုင်တွေ၊ ကဇာတ်ရုံတွေ၊ ကပွဲခန်းမတွေ၊ အားကစားရုံတွေ၊ တက်တူးထိုးပေးတဲ့ နေရာတွေကို ယာယီပိတ်ထားဖို့ ကြေညာခဲ့ပါတယ်။ ပိတ်ထားရမယ့်အထဲမှာ ကျောင်းတွေနဲ့ နေ့ကလေးထိန်း ကျောင်းတွေတော့ မပါပါဘူး။ ပြီးခဲ့တဲ့ နွေဦးကာလတုန်းကလည်း ကိုဗစ် -၁၉ ကြောင့် ပိတ်ဆို့ ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ရာမှာ ကျောင်းတွေကို ဦးစွာပိတ်ခဲ့ရပါတယ်။ အခုတစ်ကြိမ်မှာတော့ ပထမတစ်ကြိမ် နဲ့ မတူတော့ပါဘူး။ တခြားသော စီးပွားရေးလုပ်ငန်းတွေ ကို ပိတ်ခိုင်းပေမယ့် ကျောင်းတွေကိုတော့ ဆက်လက် ဖွင့်ခွင့်ပေးခဲ့ပါတယ်။ 

 

ပြင်သစ်မှာလည်း ကျောင်းတွေဆက်ဖွင့်

ပြင်သစ်နိုင်ငံမှာလည်း အလားတူပါပဲ။ ပြင်သစ် သမ္မတ အီမန်နျူရယ်မက်ခရွန်ဟာ ယာယီပိတ်ရမယ့် လုပ်ငန်းတွေ စာရင်းကို အောက်တိုဘာ ၂၈ ရက်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ကျောင်းတွေတော့ မပါပါဘူး။ အိုင်ယာလန် မှာတော့ အခုလအစောပိုင်း ကတည်းက တစ်နိုင်ငံလုံးအနှံ့ ပိတ်ဆို့ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ကျောင်းတွေကို ဖွင့်မြဲအတိုင်း ဖွင့်ခွင့်ပေးခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်ဟာ လူတိုင်းအတွက်တော့ ကျေနပ်စရာမဖြစ်ပေမယ့် မူဝါဒချမှတ်သူတွေဟာ ကျောင်းတွေမှာ ကူးစက်မှုမဖြစ်စေရေးအတွက် ကာကွယ်ရေးအစီအမံတွေကို အတတ်နိုင်ဆုံး လုပ်ဆောင်နေကြပါတယ်။

 

ကြိုတင်ပြင်ဆင်ထား

ကျောင်းတွေမှာ ကူးစက်မှုနှုန်းလျော့ကျအောင် ကျောင်းသားနဲ့ ဆရာတွေအတွက် နှာခေါင်းစည်း လိုအပ်ချက် မရှိအောင် စီမံပေးတာ၊ စာသင်ခန်းအတွင်း ပုံမှန်လေဝင်လေထွက်ကောင်းမွန်အောင် စီမံပေးတာ၊ အတန်းနားချိန် တွင် ကျောင်းဝင်းအတွင်း အသွားအလာကန့်သတ်တာမျိုးတွေ လုပ်ဆောင်ပေးပါတယ်။ ပြီးခဲ့တဲ့ နွေဦးတုန်းက ကူးစက်မှုတိုးစဉ်အတွင်း ကျောင်းတွေပိတ်ထားရပြီး အဲဒီတုန်းက သင်ခန်းစာတွေရရှိခဲ့တဲ့ အတွက်ယခုတစ်ကြိမ်မှာ အတတ်နိုင်ဆုံးကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားတယ်လို့ မူဝါဒချမှတ်သူတွေကပြောပါတယ်။

 

ပညာရေးဟာ အရေးကြီး

အိုင်ယာလန် ဝန်ကြီးချုပ် မိုက်ကယ်မာတင်ကတော့ တိုင်းပြည်အတွင်းမှာ ကန့်သတ်ချက်တွေကို ရှောင်ရှားလို့တော့ မရတော့ဘူး။ စီးပွားရေးအပေါ်မှာ ထိခိုက်မှုတွေ ရှိလာမှာဖြစ်ပေမယ့် ဒီထက်ပိုပြီး ရှောင်ရှားဖို့ဆို မဖြစ်နိုင်တော့ဘူး။ အရေးကြီးတာက ကျောင်းတွေ ဆက်ပြီးဖွင့်နိုင်ဖို့ပဲလို့ ပြောပါတယ်။ လူငယ်တွေနဲ့ကလေးတွေရဲ့ အနာဂတ်ကို ကိုဗစ် -၁၉ ရဲ့ နောက်ထပ် သားကောင်တွေအဖြစ် မခံနိုင်ဘူးလို့ အိုင်ယာလန်ဝန်ကြီးချုပ်က နိုင်ငံကို မိန့်ခွန်းပြောခဲ့ပါ တယ်။ ကျောင်းသားတွေရဲ့ ပညာရေးဟာ အရေးကြီးတယ်လို့ သူက ဆက်ပြောပါတယ်။ အခုတစ်ကမ္ဘာလုံးက စိုးရိမ်နေကြရတာကတော့ ဒီကပ်ရောဂါကြောင့် ကလေးတွေရဲ့ ပညာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုတွေကို အနှောင့်အယှက်ဖြစ်မှာကို စိုးရိမ်နေကြရပါတယ်။

 

အိမ်တွင်းအကြမ်းဖက်မှုတွေများလာ

ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်ကတော့ ကျောင်းတွေဆက်ဖွင့်ဖို့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ရှင်းလင်းခဲ့ပါ တယ်။ ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလတို့မှာကျောင်းတွေ၊ နေ့ကလေးထိန်းကျောင်းတွေ ပိတ်ခဲ့ရပြီး မိသားစုတွေအပေါ် သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။ အမျိုးသမီးနဲ့ကလေးတွေအပေါ် အကြမ်းဖက်မှုတွေဟာ တစ်ရှိန်ထိုးတိုးမြင့် လာပါတယ်။ ဒါကြောင့် အားကစားပွဲတွေ၊ စားသောက်ဆိုင်တွေနဲ့ယဉ်ကျေးမှုဆိုင်ရာပွဲတွေ ကို ပိတ်ပင်ခဲ့ပေမယ့် ကျောင်းတွေနဲ့ နေ့ကလေးထိန်း ကျောင်းတွေကို ဆက်လက်ဖွင့်ထားဖို့ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို အင်ဂျလာမာကယ်က ပြောပြခဲ့ပါတယ်။ ကလေးတွေကို အိမ်မှာပဲ ထားခြင်းဟာ မိဘတွေကို အခက်တွေ့စေပါတယ်။ အထူးသဖြင့် အလုပ်တစ်ဖက်၊ ကလေးတစ်ဖက်နဲ့ ရုံးတက်ရတဲ့ မိခင်တွေအတွက်တော့  မလွယ်ကူလှပါဘူး။

 

ကြိုတင်ခန့်မှန်းသည်ထက်သာလွန်

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေကလည်း ထောက်ပြကြပါတယ်။ ပြီးခဲ့တဲ့ နွေရာသီတုန်းက အဖြစ်အပျက်တွေနဲ့ နှိုင်းယှဉ် ကြည့်တဲ့အခါမှာတော့ ကျောင်းတွေမှာ ကိုဗစ်-၁၉ ကူးစက်တဲ့နှုန်းဟာ နည်းပါးတယ်လို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။ အထူးသဖြင့် အသက်ငယ်တဲ့ ကျောင်းသား တွေမှာ ကိုဗစ် -၁၉ ကူးစက်ခံရရင် အပျော့စားလက္ခဏာမျှသာ ပြပါတယ်။ နှာခေါင်းစည်း တပ်ဆင်ခြင်း၊ လူအချင်းချင်းခပ်ခွာခွာနေခြင်းနဲ့ စာသင် ခန်းတွေမှာ လေဝင်လေထွက်ကောင်းမွန်အောင် ပြုလုပ်ထားခြင်းတို့ဟာ ကြိုတင်ခန့်မှန်းထားတာထက်ကို သာလွန်မှုရှိနေတာကို တွေ့မြင်ရမှာပါလို့ ဆေးဘက်ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

 

ကူးစက်မှုအန္တရာယ်တိုးနေဆဲ

ဒီလိုပြောလို့ ကျောင်းတွေမှာ ကူးစက်မှုအန္တရာယ် လုံးဝကင်းစင်တာမျိုးတော့ မဟုတ်ပါဘူး။ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပအနောက်ပိုင်းတို့မှာဆိုရင် ကျောင်းတွေကနေ အစရှာမရဘဲ ကူးစက်မှုအရင်းအမြစ် ဖြစ်စေခဲ့ပါတယ်။ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေ အတွက်ကတော့ ကူးစက်မှုအန္တရာယ်ဟာ တိုးနေဆဲပါပဲ။ နောက်ပြီး မိသားစုဝင်တွေထဲမှာ ကိုယ်ခံအားမကောင်းတဲ့ သက်ကြီးရွယ်အိုတွေကို ဆက်ပြီး ကူးစက်သွားမှာ ကိုလည်း စိုးရိမ်ရပါတယ်။ ရောဂါထိန်းချုပ်၊ ကာကွယ်ရေး ဥရောပစင်တာရဲ့ တွေ့ရှိချက်အရတော့ နိုင်ငံပေါင်း ၂၇ နိုင်ငံမှာ ကလေးတွေ ကူးစက်ခံရမှုနှုန်းဟာ ၅ ရာခိုင်နှုန်းအောက် လျော့တယ်လို့ ဖော်ပြထားပါတယ်။ ကျောင်းတွေ ပိတ်ထားခြင်းအားဖြင့် ကလေးတွေရဲ့ ကျန်းမာရေးကို သိသိသာသာ ကာကွယ်ပေးတာမျိုး မတွေ့ရှိရဘူးလို့လည်း အဆိုပါစင်တာက ပြောပါတယ်။

 

နှာခေါင်းစည်းတပ်ရုံမျှဖြင့် မလုံလောက်

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ကတော့ တိုင်းပြည်အတွင်း ကူးစက်မှုတွေတိုးလာတဲ့အတွက် သီတင်းပတ်လေးပတ်ကြာ အသွားအလာပိတ်ဆို့ ကန့်သတ်မှုတွေ ပြုလုပ်မယ်လို့ ကြေညာခဲ့ပါတယ်။ အသက်ခြောက်နှစ်အရွယ်ကစလို့ မူလတန်းကလေးတွေဟာ နှာခေါင်းစည်းကို တပ်ဆင်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ အရင်တုန်းကတော့ အသက် ၁၁ နှစ်အထက် ကလေးတွေအတွက်သာ နှာခေါင်းစည်းတပ်ဆင်ဖို့ အမိန့်ထုတ်ခဲ့ တာပါ။ ဒါပေမယ့်လည်း ကျောင်းသားတွေဟာ နေ့လယ်စာစားချိန်အပါအဝင် လူအုပ်နဲ့ ရောထွေးနေနိုင်တဲ့ အချိန်တွေရှိနေသေးတာကြောင့် နှာခေါင်းစည်းတပ်ရုံမျှနဲ့ လုံလောက်မှုမရှိဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

 

မလွယ်ကူသောကိစ္စ

အခုအချိန်ထိတော့ နေ့လယ်စာ စားချိန်မှာ ပြတင်းပေါက်တွေပိတ်ထားတဲ့ အလုံပိတ်အခန်းထဲမှာ လူစုလူဝေးနဲ့ စားသောက်တာဟာ အန္တရာယ်တစ်ခုပဲလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ပြတင်းပေါက်တွေ ဖွင့်ထားပြီး သန့်ရှင်းတဲ့ လေဝင်လေထွက်စနစ်ဟာ ဗိုင်းရပ်စ်ပျံ့နှံ့မှုနှုန်းကို လျော့ကျစေတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။ ဒါပေမယ့်လည်း ပိုမိုအေးလာမယ့် ရာသီဥတုမှာ ပြတင်းပေါက်တွေ ဖွင့်ထားဖို့ဆိုတာကတော့ တကယ့်ကို မလွယ်တဲ့ကိစ္စပါပဲ။    ။

ကိုးကား - နယူးယောက်တိုင်းမ်