ကုတင်(၂၅)လုံး ဆံ့ တိုင်းရင်းဆေးရုံ ကျိုင်းတုံ၌ဖွင့်လှစ်

ကျိုင်းတုံ ၂၀  မတ်

           

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ မြို့သစ်အမှတ်(၄)ရပ်ကွက်၊ ခွာညိုလမ်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနက တည်ဆောက်သည့် ကုတင် (၂၅) လုံးဆံ့ တိုင်းရင်းဆေးရုံ ဖွင့်လှစ်ပွဲကို ယင်းဆေးရုံရှေ့တွင် ယနေ့ နံနက် ၈ နာရီက ကျင်းပသည်။

 

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်  တိုင်းဦးစီးမှူး ဗိုလ်မှူးကြီးတင့်ခိုင်၊ ပြည်နယ်တိုင်းရင်းဆေးပညာ ဦးစီးဌာနမှူး ဦးကျော်ဆွေတို့က တိုင်းရင်း ဆေးရုံသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

 

 

ထို့နောက်  ပြည်နယ်ဝန်ကြီးက  ဂုဏ်ပြုစကား  ပြောကြားပြီး  ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေး က ဆေးရုံသစ်နှင့် ပတ်သက်၍ ယခင်က မြို့နယ်တိုင်းရင်းဆေးကုဌာနသာ ရှိခဲ့ပြီး တိုင်းရင်းဆေးရုံအဖြစ် ယခုဖွင့်လှစ်နိုင်ခဲ့ရာ တိုင်းရင်းဆေးဖြင့် ပြည်သူကို ကျန်းမာရေးစောင့်ရှာက်မှု အပြည့်အဝ ပေးနိုင်တော့မည် ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဖွင့်ပွဲအထိမ်းအမှတ် အလံငယ်များပေးအပ်ကာ ပြည်နယ်ဝန်ကြီး ဦးဆောင်၍ ကဗျည်းမော်ကွန်းဆိုင်းဘုတ်ကို အမွေးနံသာရည်ဖြင့် ပက်ဖျန်းပေးပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။

 

 

ဒေသခံတွေက အခုဖွင့်လှစ်လစ်လိုက်တဲ့ တိုင်းရင်းဆေးရုံနဲ့ ပတ်သတ်ပြီး ယန်လောရွာမှ ဦးစိုင်းရှဲန်တွီက "ကျိုင်းတုံမှာ လိုအပ်လျက်ရှိတဲ့  တိုင်းရင်းဆေးရုံ ဒီနေ့ဖွင့်လှစ်နိုင်ခြင်းအတွက် ဒေသခံများ ကိုယ်စား ကျေးဇူးတင်ပါတယ်၊ ဒီဆေးရုံသစ်မှာ ဆေးရုံအုပ်နဲ့ ဒုဆေးရုံအုပ် နှစ်ဦးသာ ရှိသေးတဲ့အတွက် ဝန်ထမ်းအင်အား တိုးမြှင့်ခန့်ထားပေးစေချင်ပါတယ်”ဟု ပြောသည်။

 

အသက် ၇၂ နှစ်အရွယ် "ဝ"တိုင်းရင်းသား ဦးဖရန်စစ် ကလည်း "အချို့သောရောဂါဝေဒနာတွေကို တိုင်းရင်းဆေးပညာနဲ့ ကုသရင် ပိုမိုသက်သာပြီး ရောဂါပျောက်ကင်းတာ တွေ့ဘူးပါတယ်၊ တိုင်းရင်းဆေး ကုသမှုလည်းခံယူဘူးတယ်" ဟု သူ့အတွေ့အကြုံနဲ့ ယှဉ်ပြောပြပါသည်။

 

 

ယခုဖွင့်လှစ်သည့် တိုင်းရင်းဆေးရုံကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလက စတင်တည်ဆောက်ခဲ့ပြီး (၁၂၄×၆၄×၁၄)ပေ ကျယ်ဝန်းသည်။ ဝန်ထမ်းအိမ်ရာ လေးခန်းတွဲလေးထပ် အပါအဝင် စုစုပေါင်း ငွေကျပ် (၅၂၁)သန်း ကုန်ကျခဲ့သည်။

 

မောင်မောင်နိုင်(ကျိုင်းတုံ)