ကုန်တင်သင်္ဘောနှစ်စင်းဟော်မုဇ်ရေလက်ကြားအနီး တိုက်ခိုက်ခံရ

တိုကျို  ၁၄  ဇွန်

 

ဂျပန်နိုင်ငံနှင့် ဆက်စပ်သည့် ကုန်စည်များတင်ဆောင်လာသည့် သင်္ဘောနှစ်စင်း ဟော်မုဇ်ရေလက်ကြားအနီး တိုက်ခိုက်ခံရကြောင်း ဂျပန်ကုန်သွယ်ရေးဝန်ကြီး ဟီယိုရှီစီကိုက ပြောကြားခဲ့သည်။ သင်္ဘောများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ဂျပန်အစိုးရက စုံစမ်းစစ်ဆေးနေကြောင်း ၎င်းကပြောသည်။

 

ဟော်မုဇ်ရေလက်ကြားသည် တစ်ကမ္ဘာလုံးဆိုင်ရာ ရေနံတင်ပို့မှုပြုလုပ်သည့် အချက်အချာ ရေပိုင်နက်တစ်ခုဖြစ်သည်။ အဆိုပါ ကုန်တင်သင်္ဘောနှစ်စင်းကို အမေရိကန်ရေတပ်ဖွဲ့က အကူအညီပေးနေကြောင်း သတင်းများတွင် ဖော်ပြသည်။

 

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ သင်္ဘောပို့ဆောင်ရေးကုမ္ပဏီတစ်ခုက Kokuka Courageous အမည်ရှိ ၎င်း၏ ရေနံတင်သင်္ဘောတစ်စင်း ထိခိုက်ပျက်စီးသွားကြောင်း အတည်ပြုခဲ့သည်။ အဆိုပါသင်္ဘောကို လုပ်ကိုင်ဆောင်ရွက်နေသည့် စင်ကာပူကုမ္ပဏီက သင်္ဘောပေါ်တွင် အမှုထမ်း ၂၁ ဦး လိုက်ပါခဲ့ကြောင်း အင်န်အိတ်ချ်ကေသို့ ပြောကြားခဲ့သည်။ သင်္ဘောအမှုထမ်းများအားလုံးကို အနီးအနားရှိ ရေယာဉ်တစ်စင်းက ကယ်ဆယ်ခဲ့ပြီး တစ်ဦးမှာ အနည်းငယ်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အင်န်အိတ်ချ်ကေသို့ ပြောကြားခဲ့သည်

 

တတိယရေနံတင်သင်္ဘောမှာ နော်ဝေသင်္ဘောပို့ဆောင်ရေးကုမ္ပဏီက ပိုင်ဆိုင်ပြီး သင်္ဘောမီးစွဲလောင်ခဲ့ကြောင်း၊ သို့သော်လည်း သင်္ဘောအမှုထမ်း ၂၃ ဦးလုံးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အဆိုပါဧရိယာအတွင်း ရေနံတင်သင်္ဘော လေးစင်းတိုက်ခိုက်ခံခဲ့ရပြီး တစ်လအကြာတွင် ယခုတိုက်ခိုက်ခံရမှု ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

အင်န်အိတ်ချ်ကေ