ကျုံပျော်မြို့နယ်၌ ပြည်သူများအထိတ်တလန့်မဖြစ်စေရန် ဗျောက်အိုး မီးပန်းများ ပစ်ဖောက်ခြင်းမပြုရေး သတိပေးတားမြစ်

ကျုံပျော် ၁၂ အောက်တိုဘာ

 

သီတင်းကျွတ်နှင့် တန်ဆောင်တိုင်ကာလများအတွင်း ပစ်ဖောက်လေ့ရှိသော ဗျောက်အိုး၊ မီးပန်းများကြောင့် ပြည်သူများ အထိတ်တလန့် မဖြစ်ပေါ်စေရေးအတွက် သတိပေးတားမြစ်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၌ အောက်တိုဘာ ၁၁ ရက်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

“ဒီလို သတင်းကျွတ်၊ တန်ဆောင်တိုင် ပွဲတော်ရက်တွေမှာဆိုရင် လူငယ်အများစုက ဗျောက်အိုး၊ မီးပန်းတွေကိုပစ်ဖောက်ပြီး ကစားကြတယ်။ အချို့ဗျောက်အိုးတွေဆိုရင် အသံသိပ်ကျယ်တဲ့အတွက် ပြည်သူတွေ အထိတ်တလန့်ဖြစ်စေတယ်။ ရပ်ရွာအေးချမ်းသာယာရေးကို အနှောင့်အယှက်ဖြစ်စေပြီး မီးဘေးပါစိုးရိမ်ရတဲ့အတွက် သတိပေးတားမြစ်ရတာ ဖြစ်ပါတယ်" ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

ထိုသို့တားမြစ်ရာတွင် ဗျောက်အိုး၊ မီးပန်း၊ ပေသီး၊ ရှူးဒိုင်းများ ပစ်ဖောက်ခြင်း၊ ကောင်းကင်သို့ လွှတ်တင်ကစားခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းနှင့် လက်ဝယ်ထားရှိခြင်းတို့ကို လုံးဝမပြုလုပ်ကြရန်နှင့် စည်းကမ်းသတ်မှတ်ချက်များအား မလိုက်နာပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နေဝင်း(KPW)