ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက လူ့အခွင့်အရေး အထူးအစီရင်ခံစာတင်သွင်းသူနှင့် လွတ်လပ်သော အချက်အလက် ရှာဖွေရေးအဖွဲ့ (FFM)တို့၏ အစီရင်ခံစာများအပေါ် တုံ့ပြန်မိန့်ခွန်းပြောကြား

နေပြည်တော် အောက်တိုဘာ ၂၄

နယူးယောက်မြို့တွင် ကျင်းပလျက်ရှိသော (၇၃)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယ ကော်မတီအစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဆွေးနွေးမှု အစီအစဉ် (၂)ရပ်ကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၂၃ ရက်တွင် ကျင်းပခဲ့သည်။ အဆိုပါ ဆွေးနွေးမှု အစီအစဉ်များတွင် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စ ယန်ဟီလီနှင့် နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့(FFM)ဥက္ကဋ္ဌ မစ္စတာ မာဇူကီး ဒါရုစ်မန်တို့က ၄င်းတို့၏ အစီရင်ခံစာများအပေါ် အသီးသီး ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းတို့၏ ရှင်းလင်းပြောကြားချက်များအပေါ် အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြန်လည်တုံ့ပြန်သည့် မိန့်ခွန်းများ ပြောကြားခဲ့သည်။

 

အပြုသဘောမဆောင်သည့် ဝေဖန်စွပ်စွဲချက်များ ဆက်လက်ပြုလုပ်နေ
လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ တင်သွင်းသူ၏ ရှင်းလင်းပြောကြားချက်ကို တုံ့ပြန်ရာတွင် အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက မြန်မာနိုင်ငံသည် နိုင်ငံ တစ်နိုင်ငံချင်းအပေါ် သီးခြား ပစ်မှတ်ထား အရေးယူ ဆောင်ရွက်မှုများသည် လူ့အခွင့်အရေး မြှင့်တင်မှုကိစ္စများကို ဆောင်ရွက်ရာ၌ နိုင်ငံအချို့အား ရွေးထုတ်ဆောင်ရွက်ခြင်း မပြုရေး(Non-selectivity) နှင့် နိုင်ငံရေးအရ အသုံးချမှုမပြုရေး (Non-politicization)စသည့် မူဝါဒများနှင့် သွေဖည်နေသည့်အတွက် စွဲမြဲစွာ ဆန့်ကျင်ခဲ့ကြောင်း၊ သို့ရာတွင် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရေးမူနှင့်အညီ အထူးအစီရင်ခံစာ တင်သွင်းသူ အဆက်ဆက်နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ အထူးအစီရင်ခံစာ တင်သွင်းသူတစ်ဦး၏ မျှတသည့် အစီရင်ခံစာကို တင်သွင်းရန် မိမိတို့ အနေဖြင့် အလေးအနက် မျှော်လင့်ခဲ့သော်လည်း ၎င်းအနေဖြင့် အတည်မပြုနိုင်သည့် အချက်အလက်များကို အခြေခံကာ အဆိုးမြင်ပြီး အပြုသဘောမဆောင်သည့် ဝေဖန်စွပ်စွဲချက်များကို ဆက်လက်ပြုလုပ်နေကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ရရှိရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို မသိကျိုးကျွန် ပြုထားသည့်အတွက် အထူးအစီရင်ခံစာ တင်သွင်းသူအနေဖြင့် ပြဿနာရပ်များကို ဖြေရှင်းရန် စစ်မှန်သော ဆန္ဒရှိ-မရှိ အပေါ် မေးခွန်းထုတ်လိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ 

 

မြန်မာနိုင်ငံသည် မစ္စ ယန်ဟီလီ စတင်တာဝန် ထမ်းဆောင်သည့် ၂ဝ၁၄ ခုနှစ်မှစ၍ ၂ဝ၁၇ ခုနှစ် ကာလအတွင်း၊ ‘ဒီဇင်ဘာလအထိ ၎င်း၏ခရီးစဉ်ကို (၆)ကြိမ်တိုင် စီစဉ်ပေးခဲ့ကြောင်း၊ သို့ရာတွင် ၎င်း၏ အခွင့်အာဏာကို ကျော်လွန်အသုံးချခဲ့သည့်အတွက် ၎င်းအပေါ် ပြည်သူများက မကျေမနပ် ဖြစ်ခဲ့ကြကြောင်း၊ သို့အတွက် မိမိတို့အနေဖြင့် ၄င်းနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ရပ်ဆိုင်းခဲ့ပြီး၊ အစားထိုး ခန့်အပ်ရန် တောင်းဆို ခဲ့ခြင်းဖြစ်ကြောင်း ဆက်လက်ရှင်းလင်း ပြောကြားခဲ့သည်။ 

 

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ထိခိုက်စေ
မြန်မာနိုင်ငံသည် ကုလသမဂ္ဂနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားလိုသည့် ဆန္ဒကို ပြသသည့်အနေဖြင့် အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်အဖြစ် Ms. Christine Schraner Burgener ကို ခန့်အပ်ခဲ့သည့် အပေါ် ကြိုဆိုခဲ့ပြီး၊ နေပြည်တော်၌ ၎င်း၏ ရုံးဖွင့်လှစ်ရန်ကိစ္စကို ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ ၂ဝ၁၈ ခုနှစ်၊ ဇွန်လမှစ၍ ၎င်းတာဝန်ယူသည့် (၅)လအတွင်း အောက်တိုဘာလ ၁ဝ ရက်မှ ၂ဝ ရက် အထိ မြန်မာနိုင်ငံသို့ သွားရောက်သည့် တတိယမြောက် ခရီးစဉ်ကို စီစဉ်ပေးခဲ့ကြောင်း၊ ၎င်း၏ ခရီးစဉ်အပြီး အောက်တိုဘာလ ၂ဝ ရက်က ထုတ်ပြန်ချက်တွင် တာဝန်ခံမှုနှင့် အားလုံးပါဝင်သည့် ဆွေးနွေးမှုတို့ကို မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အဓိကမဏ္ဍိုင် (၂)ရပ်အဖြစ် ဖော်ပြခဲ့ကြောင်း၊ ၎င်းက စိတ်ရှည်မှုနှင့် ယုံကြည်မှု တည်ဆောက်မှုတို့ လိုအပ်ကြောင်းနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြည်တွင်း၌ပင် ဆက်လက်အဖြေရှာ နိုင်ရေးအတွက် အကူအညီပေးအပ်သွားမည်ဟု ပြောကြားခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အထူးကိုယ်စား လှယ်၏ ပြောကြားချက်ကို ကြိုဆိုလျက်၊ တိုင်းပြည်တွင် နက်ရှိုင်းစွာ အမြစ်တွယ်လျက်ရှိသော ဘက်ပေါင်းစုံမှ ပြဿနာများကို ချက်ချင်းဖြေရှင်းနိုင်မည် မဟုတ်ဘဲ စိတ်ရှည်မှု၊ အပြန်အလှန် ယုံကြည်မှုနှင့် နိုင်ငံရေးအရ အဖြေရှာရန် လိုအပ်မှုတို့နှင့် ပတ်သက်၍ ပြောကြားချက်အပေါ် အထူးကိုယ်စားလှယ်နှင့်အတူ အပြည့်အဝ သဘောတူပါကြောင်း၊ ပြင်ပမှ လွန်စွာဖိအားပေးသည့် နိုင်ငံရေး အာဂျင်ဒါများသည် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကို ပိုမိုဆိုးရွားစေပြီး၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ထိခိုက်စေမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ပဋိပက္ခများတွင် လိင်အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်တို့နှင့်လည်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း တို့ကိုလည်း ပြောကြားခဲ့သည်။ 

 

အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို နိုင်ငံရေး နည်းလမ်းဖြင့် တည်ထောင်နိုင်မှသာ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ရရှိနိုင်မည်ဟု မြန်မာအစိုးရ အနေဖြင့် ယုံကြည်ပြီး၊ တိုင်းရင်းသားနှင့် လက်နက်ကိုင် ပဋိပက္ခများကို အဆုံးသတ်ရန် လိုအပ်ကြောင်း၊ ‘ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအတွက် အခြေခံမူများချမှတ်ရာတွင် သဘောတူညီမှု ရရှိနိုင်ရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ၌ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိပြီး ကျင်းပခဲ့သည့် ညီလာခံ (၃)ကြိမ်၌ ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူစာချုပ်၏ အစိတ်အပိုင်းဖြစ်လာမည့် အခြေခံမူ (၅၁)ချက်ကို ချမှတ်နိုင်ခဲ့ပြီး ဖြစ်ကြောင်း ပြောကြားသည်။

 

ကုလသမဂ္ဂနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်လျက်ရှိ
ရခိုင်ပြည်နယ်အရေးကိစ္စကို ဖြေရှင်းခြင်းသည် ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ လုံခြုံရေးနှင့် အုပ်ချုပ်ရေးတို့အတွက် အခြေခံ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း၊ မြန်မာအစိုးရ အနေဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားသူများ ဘေးကင်းပြီး၊ ဆန္ဒအလျောက် သိက္ခာရှိစွာ နေရပ်သို့ ပြန်လည်လာရောက်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများကို ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် နှစ်နိုင်ငံ သဘောတူညီချက်အရ စိစစ်ပြီးသူများကို ပထမအသုတ်အဖြစ် ဇန်နဝါရီလ ကတည်းက ပြန်လည်လက်ခံရန် ဖြစ်ကြောင်း၊ မကြာမီကာလအတွင်း နေရပ်စွန့်ခွာသူ ၆ဝဝဝ ကို ပြန်လည် လွှဲပြောင်းပေးမည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်ကို ကြိုဆိုကြောင်း၊ အထွေထွေ ညီလာခံ မူဝါဒရေးရာ မိန့်ခွန်းပြောကြားမှု ရက်သတ္တပတ်ကာလအတွင်း တရုတ်၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် တို့အကြား ကျင်းပခဲ့သည့် အလွတ်သဘော အစည်းအဝေးသို့ အတွင်းရေးမှူးချုပ်လည်း ပါဝင်တက်ရောက်ခဲ့ပြီး၊ နေရပ်စွန့်ခွာသူများ အရေးကို ဖြေရှင်းရန်အတွက် အချက်(၃)ချက်ကို သဘောတူညီခဲ့ကြောင်း၊ ယင်းအရ တတိယအကြိမ် ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးကို အောက်တိုဘာလ ၂၉ နှင့် ၃ဝ ရက်များတွင် ဒါကာမြို့၌ ကျင်းပမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အရေးကိစ္စအတွက် အကူအညီများ ထပ်မံရရှိနိုင်ရန် အာဆီယံဒေသ တွင်း မိတ်ဖက်များနှင့်လည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်၊ အိန္ဒိယ၊ ဂျပန် အပါအဝင် ဒေသတွင်းနိုင်ငံများ၏ အကူအညီများအတွက် ကျေးဇူးတင်ရှိပြီး၊ ကုလသမဂ္ဂနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက် (၈၈) ချက်အနက် (၈၁) ချက်ကို အကောင်အထည်ဖော် နေပြီဖြစ်ကြောင်း၊ တာဝန်ခံမှုနှင့် ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို မကြာမီက ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ ယင်းကော်မရှင် အနေဖြင့် အစီရင်ခံစာကို တစ်နှစ်အတွင်း တင်သွင်းမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၌ အလုပ်အကိုင် အခွင့်အလမ်းသစ်များကို အစိုးရ-ပုဂ္ဂလိက မိတ်ဖက်ဆောင်ရွက်မှုများဖြင့် ပြီးခဲ့သည့် နှစ်များအတွင်းက ဖော်ဆောင်ခဲ့ ကြောင်းတို့ကို အမြဲတမ်းကိုယ်စားလှယ်က ထည့်သွင်းရှင်းလင်းခဲ့သည်။

 

မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၏ အဓိကခွန်အားမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင်မှုအောက်တွင် ပြည်သူများ၏ စည်းလုံးမှု၊ စိတ်ဓာတ် ကြံ့ခိုင်မှုနှင့် တက်ကြွစွာ ပါဝင်မှုတို့ဖြစ်ကြောင်း၊ ပြည်သူများ လိုလားတောင့်တသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ရန် သန္နိဋ္ဌာန်ချထားပြီး နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် နားလည်မှုနှင့် အပြန်အလှန်လေးစားမှုကို အခြေခံ၍ အပြုသဘော ဆောင်စွာ ကူညီနိုင်ပါကြောင်း အမြဲတမ်းကိုယ်စားလှယ်က အလေးထား ပြောကြားခဲ့သည်။

 

အသိုက်အဝန်း နှစ်ခုလုံး၏ လူ့အခွင့်အရေးကို ကြည့်ရန်လိုအပ်
နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့ (FFM) ဥက္ကဋ္ဌ၏ ရှင်းလင်းပြောကြားချက်အပေါ် တုံ့ပြန်ရာတွင် အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက FFM ၏ ရိုးသားစစ်မှန်မှုသည် မေးခွန်းထုတ်စရာ ဖြစ်နေပြီး၊ စုံစမ်းစစ်ဆေးမှု နည်းလမ်းသည်လည်း အားနည်းချက် များစွာရှိကြောင်း၊ ရခိုင်ပြည်နယ်၏ လက်ရှိ လူသားချင်းစာနာမှု အရေးကိစ္စသည် ၂ဝ၁၇ ခုနှစ် သြဂုတ်လတွင် အာဆာ အကြမ်းဖက်အုပ်စုက ရဲကင်းစခန်း (၃ဝ)နှင့် နယ်မြေခံတပ်ရင်း ဌာနချုပ်တို့ကို ကြိုတင်အကွက်ချ စီစဉ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်ကြောင်းကို အစိုးရအနေဖြင့် အကြိမ်ကြိမ် ရှင်းလင်းပြောကြားခဲ့ပြီး ဖြစ်ကြောင်း၊ အာဆာအကြမ်းဖက်များက လုံခြုံရေးတပ်ဖွဲ့များအပြင် ဟိန္ဒူရွာသားများ၊ အခြားလူမျိုးစုများနှင့် အစိုးရကို ထောက်ခံသည့် မူဆလင်များ အပါအဝင် အပြစ်မဲ့ပြည်သူ ရာနှင့်ချီ၍ သတ်ဖြတ်ခဲ့သည့်အတွက် ထောင်နှင့်ချီသော အပြစ်မဲ့ပြည်သူများမှာ ရခိုင်ပြည်နယ်ရှိ အခြားဒေသများသို့ ထွက်ပြေးခဲ့ရကြောင်း၊ အလားတူ မူဆလင် ထောင်ပေါင်းများစွာ သည်လည်း တစ်ဖက် အိမ်နီးချင်းနိုင်ငံသို့ ထွက်ပြေးခဲ့ရကြောင်း၊ ယင်းပဋိပက္ခသည် မူဆလင်အသိုက်အဝန်း တစ်ခုတည်းကိုသာ ထိခိုက်ခြင်း မဟုတ်သည်ကို သဘောပေါက်ကြရန် လိုအပ်ကြောင်း၊ လူ့အခွင့်အရေးဆိုပါက အသိုက်အဝန်း နှစ်ခုလုံး၏ လူ့အခွင့်အရေးကိုကြည့်ရန် လိုအပ်ကြောင်း၊ ထို့ပြင် FFM အနေဖြင့် အာဆာ၏ ရက်စက်ကြမ်းကြုတ်မှုများအား ပေါ်ပေါ်တင်တင် ထည့်သွင်းမစဉ်းစားသည်မှာ အံ့သြမိပါကြောင်း၊ မူဆလင် အကြမ်းဖက်သမားများကို အကာအကွယ်ပေးသည့် သဘောပင်ဆောင်နေကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

အမြဲတမ်းကိုယ်စားလှယ်က ရခိုင်ပြည်နယ်နှင့် အခြားမည်သည့်ဒေသ၌မဆို ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ခံမှုရှိစေရန် အစိုးရအနေဖြင့် သန္နိဋ္ဌာန်ချထားကြောင်းကို ထပ်လောင်းပြောကြား ခဲ့ပြီး၊ လုံလောက်သည့် သက်သေအထောက်အထား ရှိပါက ကျူးလွန်သူများကို အရေးယူမည်ဖြစ်ကြောင်း၊ မြန်မာ အစိုးရအနေဖြင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို မကြာမီက ဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်း၊ ကော်မရှင်သည် သီးခြားလွတ်လပ်မှု၊ ဘက်မလိုက်မှုနှင့် တိကျမှန်ကန်မှု မူဝါဒများပေါ်တွင် ယင်း၏ လုပ်ငန်းများကို ထမ်းဆောင်မည် ဖြစ်ကြောင်း၊ ယင်းကော်မရှင်အနေဖြင့် အစီရင်ခံစာကို တစ်နှစ်အတွင်း တင်သွင်းရမည် ဖြစ်ကြောင်း၊ အမှန်အားဖြင့် အင်းဒင်ဖြစ်စဉ် ပေါ်ပေါက်ခဲ့မှုတွင်လည်း လုပ်ထုံးလုပ်နည်းနှင့် စည်းကမ်းများကို ဖောက်ဖျက်လျက် ကျူးလွန်ခဲ့သည့် တပ်မတော်နှင့် ရဲဝန်ထမ်းများ အရပ်သားများကို ဥပဒေကြောင်းအရ အရေးယူထားပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ 

 

ရခိုင်ပြည်နယ်အရေး ဆုံးဖြတ်ချက်ကို မြန်မာအစိုးရက ပြတ်သားစွာပယ်ချ
အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး၏ ၂ဝ၁၈ ခုနှစ်၊ စက်တင်ဘာလ ၆ ရက် တွင် ချမှတ်ခဲ့သည့် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်ကို မြန်မာအစိုးရက ပြတ်သားစွာ ပယ်ချခဲ့ကြောင်း၊ ရောမ သဘောတူစာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးထားခြင်း မရှိသည့်အတွက် ယင်းတရားရုံး အနေနှင့် မြန်မာနိုင်ငံအပေါ် မည်သို့မျှ တရားစီရင်ပိုင်ခွင့် မရှိကြောင်း၊ ယင်းဆုံးဖြတ်ချက်နှင့် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပုံ နည်းလမ်းတို့သည် အစဉ်အလာ ကျင့်ထုံးတစ်ရပ် ဖြစ်သွားနိုင်ပြီး၊ နိုင်ငံအားလုံး၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် အတိအလင်း သတိပေးချက် တစ်ခုဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အကြမ်းဖက် တိုက်ဖျက်မှုများမှာ ''လူမျိုးသုဉ်းသတ်ဖြတ်ရန် ရည်ရွယ်သည်''ဟု ကောက်ချက်ချသည့်အပေါ် မြန်မာကိုယ်စားလှယ်အဖွဲ့ အနေဖြင့် ပြတ်သားစွာ ကန့်ကွက်ကြောင်း၊ ဥပဒေ ကြောင်းအရ အထောက်အထားမရှိသည့် သက်သေမပြနိုင်သည့် အခြေအနေများကို မူတည်၍ ကောက်ချက် ချထားခြင်းဖြစ်ကြောင်း၊ အခြားအပြုသဘောဆောင်သည့် ဖြစ်ပေါ်တိုးတက်မှုများကို ထည့်သွင်း မစဉ်းစားဘဲ တာဝန်ခံမှုကိုသာ ရှေ့တန်းတင်နေခြင်းသည် အန္တရာယ်ရှိသည့် ကြိုးပမ်းမှုဖြစ်ပြီး၊ အရှုံးနှင့်သာ ရင်ဆိုင်ရ မည်ဖြစ်ကြောင်း၊ FFM နှင့် အထူးအစီရင်ခံစာ တင်သွင်းသူတို့၏ အစီရင်ခံစာများသည် ရခိုင်ပြည်နယ်၌ ငြိမ်းချမ်းရေး၊ သဟဇာတနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု တို့အတွက် အထောက်အကူ မဖြစ်စေပါကြောင်း ပြောကြားခဲ့သည်။

 

ငြိမ်းချမ်းသည့် နည်းလမ်းကို ရွေးချယ်ခဲ့
မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲရေးတွင် ''စိတ်ရှည်မှုသည် လမ်းကြောင်းသွေဖည်ရန် နည်းလမ်း ရှာနေသူများအတွက်သာ အကူအညီပေးနိုင်လိမ့်မည်'' ဟူသော မစ္စတာ မာဇူကီး ဒါရုစ်မန်၏ လွဲမှားစွာ ပြောကြားချက်ကို အမြဲတမ်း ကိုယ်စားလှယ်က ထောက်ပြလျက်၊ ယင်းအချက်၏ ဆန့်ကျင်ဘက်သည်သာ မိမိတို့အတွက် မှန်ကန်ကြောင်း၊ ဒီမိုကရေစီကို တော်လှန်ရေးတစ်ရပ်ဖြင့် တည်ဆောက်နေခြင်း မဟုတ်ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် သဘောတူညီမှု ရရှိရေးမှတစ်ဆင့် ငြိမ်းချမ်းသည့် နည်းလမ်းကို ရွေးချယ်ခဲ့ပြီး၊ ကြီးမားသည့် စိတ်ရှည်မှုနှင့် နိုင်ငံရေး အမြော်အမြင်ရှိမှု လိုအပ်ကြောင်း၊ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်ကလည်း စိတ်ရှည်မှုနှင့် ယုံကြည်မှု တည်ဆောက်ရေး မြှင့်တင်ရန် အလေးထားပြောကြားခဲ့ရာ မိမိတို့အနေဖြင့် ၎င်း၏ ပြောကြားမှုကို အပြည့်အဝ သဘောတူညီကြောင်းနှင့် ယင်းသည် စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ကြောင်း စသည်ဖြင့် ရှင်းလင်းတုံ့ပြန် ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
(သတင်းစဉ်)