ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံမှ (၇၅)နှစ်မြောက် ကုလသမဂ္ဂနှစ်ပတ်လည်နေ့သို့ ပေးပို့သည့်သဝဏ်လွှာ

 

(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၄ ရက်)

ချစ်ခင်လေးစားရပါသော မိတ်ဆွေအပေါင်းတို့ ...

ကုလသမဂ္ဂအဖွဲ့ကြီး၏ (၇၅)နှစ်မြောက် နှစ်ပတ်လည်နေ့သည် ကမ္ဘာ့ကပ်ရောဂါကြီးတစ်ခု ဖြစ်ပွားနေချိန်တွင် ကျရောက်လို့လာခဲ့ပြီဖြစ်ပါသည်။ ဤအခြေအနေတွင် ကျွန်တော်တို့၏အဖွဲ့အစည်းကြီးအား တည်ထောင်ခဲ့ ရခြင်း၏ ရည်ရွယ်ချက်သည် ယခင်ကထက်ပင် ပို၍အရေးကြီးလာပါသည်။

လူသားများ၏ ဂုဏ်သိက္ခာကိုမြှင့်တင်ရန်၊ လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာရန်၊ လူသားမျိုးနွယ်စုအား စစ်ဘေးမှ ကယ်တင်ရန်တို့ ဖြစ်ပါသည်။

ကမ္ဘာ့ကပ်ရောဂါကြီးဖြစ်ပွားလာသောအခါ တစ်ကမ္ဘာလုံးအပစ်အခတ်ရပ်စဲကြရန် ကျွန်တော်တိုက်တွန်းခဲ့ပါသည်။

COVID -19 ကသာလျှင် ယနေ့ကျွန်တော်တို့၏ ကမ္ဘာကြီးအတွက် တစ်ခုတည်းသော ဘုံရန်သူဖြစ်ပါသည်။

ယခုအချိန်သည် တစ်ကမ္ဘာလုံး အပစ်အခတ်ရပ်စဲနိုင်ရန် ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့်၍ တွန်းအားပေးဆောင်ရွက်ကြရမည့် အချိန်ဖြစ်သည်။ အချိန်သည် လျင်မြန်စွာကုန်ဆုံးနေသည်။ လုပ်သင့်သည်ကို မြန်မြန်ဆန်ဆန် လုပ်ကြရပေမည်။

ကျွန်တော်တို့၏ ကမ္ဘာမြေကြီးနှင့်လည်း ကျွန်တော်တို့ ငြိမ်းချမ်းရေးယူ ရပါမည်။

ရာသီဥတုဆိုင်ရာ အရေးပေါ်အခြေအနေက သက်ရှိများကို ခြိမ်းခြောက်လျက်ရှိပါသည်။

၂၀၅၀ ပြည့်နှစ်တွင် မှန်လုံအိမ်ဓာတ်ငွေ့ အသားတင်ထုတ်လွှတ်မှုအား သုညသို့ ရောက်ရှိအောင် တစ်ကမ္ဘာလုံးကို ကျွန်တော်တို့ နှိုးဆော်စည်းရုံးကြရပါမည်။

ဤပန်းတိုင်ကို ပြည့်မီအောင်လုပ်ဆောင်မည်ဟု ကတိကဝတ်ပြုပြီးဖြစ်သော နိုင်ငံများနှင့် ကုမ္ပဏီများ၏အရေအတွက်မှာ အတော်အတန်ပင် များပြားလာနေပြီ ဖြစ်ပါသည်။

ကမ္ဘာ့နှင့်အဝှမ်းတွင် ဆင်းရဲနွမ်းပါးမှု၊ တန်းတူညီမျှမရှိမှု၊ ဆာလောင်မွတ်သိပ်မှုနှင့် အမုန်းတရားများကြောင့် လူသားများ၏ ဆင်းရဲဒုက္ခခံစားနေရမှုတို့ကို အဆုံးသတ်ရန်နှင့် လူမျိုး၊ ဘာသာ၊ ကျား-မ ရေးရာ သို့မဟုတ် အခြား မည်သည့် ကွဲပြားမှုကိုမဆို အကြောင်းပြု၍ ခွဲခြားဆက်ဆံမှုများအား တိုက်ထုတ်ကြရန် ကျွန်တော်တို့ ယခုထက်ပို၍ ကြိုးစားလုပ်ဆောင်ကြရမည်ဖြစ်ပါသည်။ ကမ္ဘာ့ကပ်ရောဂါ၏ ရိုက်ခတ်မှုကို ခံစားကြရသည့်လများအတွင်း အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုများ ထိတ်လန့်ဖွယ်ရာ တိုးပွားလာသည်ကို မြင်တွေ့နေကြရပါသည်။

ရရှိလာသော တိုးတက်မှုများအပေါ် ကျွန်တော်တို့ အားပြုလုပ်ဆောင်ကြရပါမည်။ ငွေကြေးအားဖြင့် တတ်နိုင်သော COVID-19 ကာကွယ်ဆေးအား ဘေးအန္တရာယ်ကင်းရှင်းစွာ အားလုံး လက်လှမ်းမီရရှိနိုင်ရေးအတွက် ထူးကဲလှသည့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကြီးတစ်ခု စတင်နေပြီ ဖြစ်ပါသည်။

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များက ပိုမိုကောင်းမွန်သည့် အခြေအနေသို့ ရောက်ရှိအောင် ပြန်လည်ထူထောင်နိုင်ရေး စေ့ဆော်ပေးသည့် လမ်းပြအစီအစဉ် (blueprint)တစ်ခု ဖြစ်ပါသည်။

ကျွန်တော်တို့သည် အလွန်တရာကြီးမားသော စိန်ခေါ်မှုများကို ရင်ဆိုင်နေကြရခြင်းဖြစ်သည်။ တစ်ကမ္ဘာလုံး၏ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုဖြင့်သာ ထိုစိန်ခေါ်မှုများကို ကျွန်တော်တို့ ကျော်လွှားနိုင်ပါမည်။

ကုလသမဂ္ဂအဖွဲ့ကြီးသည်လည်း ဤအတွက် ဖြစ်တည်လာရခြင်း ဖြစ်ပါသည်။ ယခုနှစ်ပတ်လည်နေ့တွင် ကမ္ဘာ့နေရာအနှံ့အပြားမှ လူများကို ဝိုင်းဝန်း ပူးပေါင်းလက်တွဲကြရန် တောင်းဆိုပါသည်။

ကုလသမဂ္ဂအဖွဲ့ကြီးသည် သင်တို့နှင့်အတူ ရပ်တည်နေရုံမျှသာမက ...

ကုလသမဂ္ဂအဖွဲ့ကြီးကို သင်တို့ပိုင်ဆိုင်ကြပါသည်။ ကုလသမဂ္ဂအဖွဲ့ကြီးဟူသည့် သင်တို့ကိုယ်တိုင်ပင်ဖြစ်ပါသည် - “ကျွန်တော်တို့ ကမ္ဘာ့ပြည်သူများ” ပင် ဖြစ်ပါသည်။ ကျွန်တော်တို့အားလုံး အတူတကွပူးပေါင်းလက်တွဲ၍ ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ အခွန့်ရှည်ခိုင်မာသော တန်ဖိုးများကို လိုက်နာ စောင့်ထိန်းကြပါစို့။

ဆယ်စုနှစ်များကိုဖြတ်သန်းကာ ရရှိလာသော တိုးတက်အောင်မြင်မှုများအပေါ်အားပြု၍ ရှေ့သို့ ခရီးဆက်ကြပါစို့။

အားလုံးအတွက် ပိုမိုသာယာဝပြောသော ကမ္ဘာကြီးပေါ်ထွန်းလာရေး တူညီသည့် အနာဂတ် မျှော်မှန်းချက်ကို ပြည့်မီအောင် ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။