ကုလသမဂ္ဂ နျူကလီးယားလက်နက် ဖျက်သိမ်းရေးစာချုပ်တွင် မလေးရှားနိုင်ငံ ပါဝင်လက်မှတ်ရေးထိုး

ကွာလာလမ်ပူ ၂  အောက်တိုဘာ

 

ကုလသမဂ္ဂနျူကလီးယားလက်နက် ဖျက်သိမ်းရေးစာချုပ်တွင် မလေးရှားနိုင်ငံက ပါဝင် လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းများအရ သိရသည်။

 

ကုလသမဂ္ဂ နျူကလီးယားလက်နက် ဖျက်သိမ်းရေးစာချုပ်အား ထောက်ခံသည့် စာရွက်စာတမ်းများကို ကုလသမဂ္ဂအဖွဲ့သို့ ယမန်နေ့က ပေးပို့ခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့ ဆိုင်ရာ မလေးရှား အမြဲတမ်းကိုယ်စားလှယ်အဖွဲ့က ပြောကြားခဲ့သည်။

 

လက်ရှိအချိန်ထိ ကုလသမဂ္ဂ နျူကလီးယားလက်နက် ဖျက်သိမ်းရေးစာချုပ်တွင် ၄၆ နိုင်ငံက ပါဝင်လက်မှတ်ရေးထိုးပြီး ဖြစ်သည်။ နိုင်ငံပေါင်း ၅၀ လက်မှတ်ရေးထိုးပြီးနောက် ရက်ပေါင်း ၉၀ ကြာမှသာလျှင် အဆိုပါစာချုပ် အသက်ဝင်မည်ဖြစ်သည်။ မလေးရှားနိုင်ငံသည် ၄၆ နိုင်ငံမြောက် ပါဝင်လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်သည်။

 

နျူကလီးယားလက်နက် ကင်းစင်ပပျောက်ရေးသည် ကမ္ဘာ့နိုင်ငံများ၏ အဓိကဦးစားပေး ဖြေရှင်းရမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့်အတွက် ကမ္ဘာ့နိုင်ငံများအနေဖြင့် ကုလသမဂ္ဂ နျူကလီးယားလက်နက် ဖျက်သိမ်းရေး စာချုပ်တွင် ပါဝင်ရန် တိုက်တွန်းပြောကြားလိုပါကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဟစ်ဟမ်မတ်ဒင်ဟူစိန်က ဆိုသည်။

 

နျူကလီးယားလက်နက်များ ကမ္ဘာပေါ်မှ ကင်းစင်ပပျောက်ရေးအတွက် နျူကလီးယားလက်နက် ဖျက်သိမ်းရေးစာချုပ်သည် အဓိက တွန်းအားတစ်ခုအဖြစ် ပါဝင်သည်ဟု ထင်မြင်ယူဆသည့်အတွက် အဆိုပါစာချုပ်အား ထောက်ခံခြင်းဖြစ်ကြောင်း ဟစ်ဟမ် မတ်ဒင်ဟူစိန်က ဆက်လက်ပြောကြားခဲ့သည်။

 

အမေရိကန်နိုင်ငံ၏ နျူကလီးယားဆိုင်ရာ လုပ်ဆောင်ချက်များအပေါ် အကဲခတ် စောင့်ကြည့်လျက်ရှိသည့် ဂျပန်နိုင်ငံကဲ့သို့သော နိုင်ငံအများအပြားက နျူကလီးယားလက်နက် ဖျက်သိမ်းရေး စာချုပ်တွင် လက်မှတ်ရေးထိုးခြင်းမရှိသေးပေ။

 

နျူကလီးယားလက်နက် ဖျက်သိမ်းရေး စာချုပ်ဆိုင်ရာ ပြန်လည်သုံးသပ်မှု အစည်းအဝေးကို လာမည့် ဇန်နဝါရီလတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးသို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အားလုံးနီးပါး တက်ရောက်ကြမည်ဟု မျှော်မှန်း ရသည်။

 

အဆိုပါအစည်းအဝေးမတိုင်မီ နျူကလီးယားလက်နက် ဖျက်သိမ်းရေးစာချုပ် အသက်ဝင်လာရန် စာချုပ်တွင် လက်မှတ်ရေးထိုးထားသော နိုင်ငံများက မျှော်လင့်လျက်ရှိသည်။

 

နျူကလီးယားလက်နက် ဖျက်သိမ်းရေး စာချုပ်တွင် နျူကလီးယားလက်နက်ဆိုင်ရာ ဖွံ့ဖြိုးမှုများ၊ စမ်းသပ်မှုများ၊ ထုတ်လုပ်ခြင်း၊ ကုန်ကြမ်းပစ္စည်းများ သိုလှောင်ထားရှိခြင်း၊ တစ်ဆင့်ပေးပို့ခြင်း၊ နျူကလီးယားလက်နက်များဖြင့် ခြိမ်းခြောက်ခြင်း စသည့်နျူကလီးယားဆိုင်ရာ လှုပ်ရှားမှုများကို ပိတ်ပင်ထားကြောင်း သိရသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်