ကုလားပဲ စားသုံးပေးရင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲ

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ပဲက ပရိုတင်းဓာတ်ရရှိနိုင်တဲ့ အစားအစာတစ်မျိုးပါ။ ကျန်းမာရေးအတွက်လည်း တော်တော့်ကို အထောက်အကူပြုပေးပါတယ်။ ကုလားပဲက ကြီးထွားဖွံဖြိုးမှုကို တိုးစေနိုင်သလို နှလုံးကို ကျန်းမာစေနိုင်ပါတယ်။ အစာကြေညက်စေနိုင်ပြီး အရိုးတွေသန်မာစေတဲ့အပြင် နာတာရှည်ဝေဒနာတွေ မဖြစ်အောင်လည်း ကာကွယ်ပေး နိုင်ပါတယ်။

ကုလားပဲကို ပဲကပ်ကြော်ကြော်တယ်၊ ဟင်းရည်၊ ချဉ်ဟင်းတွေချက်တယ်၊ သုပ်စားတယ်စသဖြင့် အမျိုးမျိုးလုပ် စားကြပါတယ်။ အသားမစားသူတွေအနေနဲ့လည်း ကုလားပဲစားသုံးပေးမယ်ဆိုရင် အသားဓာတ်အပြည့်အဝရရှိ စေမှာသေချာပါတယ်။

ကိုယ်တွင်း ပရိုတင်းဓာတ်ကိုတိုးစေနိုင်ခြင်း

ကုလားပဲမှာ ပရိုတင်းပါဝင်မှုများတာကြောင့် သက်သတ်လွတ်စားတဲ့သူတွေအတွက် အသားဓာတ်ရရှိ စေနိုင်မယ့် အစားအစာတစ်ရပ်ပါ။ ကုလားပဲမှာ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ပရိုတင်းဓာတ်တွေ အပြည့်အဝပါဝင်နေပါတယ်။ ပရိုတင်းဓာတ်က အနာကျက်စေနိုင်စွမ်းရှိတာကြောင့် ကုလားပဲကိုစားသုံးပေးမယ်ဆိုရင် အနာတွေကို အကျက်မြန်စေမှာ သေချာပါတယ်။။

ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိခြင်း

ကုလားပဲမှာ ခန္ဓာကိုယ်ထဲက oxidative stress တွေကို လျော့ကျစေနိုင်တဲ့ ဗီတာမင်တွေ ပါဝင်နေပြီး နာတာရှည်ရောဂါတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ကုလားပဲမှာပါတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေက ကိုယ်တွင်းက free radicals တွေကို ဖယ်ရှားပေးနိုင်တာကြောင့် ဆဲလ်တွေကို ကျန်းမာစေနိုင်ပါတယ်။ ဒီဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကင်ဆာ၊ နှလုံးရောဂါနဲ့ အာရုံကြောဆိုင်ရာ ချို့ယွင်းတဲ့ရောဂါတွေ မဖြစ်အောင်ကာကွယ်ပေးပါတယ်။

အစာကြေစေနိုင်ခြင်း

လူတစ်ယောက်ကျန်းမာဖို့အရေးကြီူးဆုံးက အစာကြေညက်မှုရှိဖို့ပါ။ အစာအိမ်နဲ့အူလမ်းကြောင်း ကျန်းမာနေမယ် ဆိုရင် ခန္ဓာကိုယ်ကလည်း ကျန်းမာနေမှာဖြစ်ပါတယ်။ ကုလားပဲမှာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် အူမကြီးကို ကျန်းမာစေပြီး ဝမ်းပျော့ပျော့သွားအောင် လုပ်ဆောင်ပေးပါတယ်။ အူလမ်းကြောင်းက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရဓာတ်တွေ စုပ်ယူနိုင်အောင်လည်း လုပ်ဆောင်ပေးပါသေးတယ်။

ဆီးချိုကာကွယ်ပေးနိုင်ခြင်း

သွေးတွင်းအချိုဓာတ်ကို ထိန်းညှိတာက လူတိုင်းအတွက်အရေးပါပါတယ်။ ဆီးချိုသမားတွေအတွက်ကတော့ ပိုအရေးပါတာပေါ့။ ကုလားပဲက သွေးတွင်းအချိုဓာတ်ကို ထိန်းညှိနိုင်ပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်ကို ဖြည့်တင်းပေးနိုင်ပါတယ်။ ကုလားပဲက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး အင်ဆူလင် ထုတ်လုပ်မှုကို ကောင်းမွန်စေနိုင်တာကြောင့် ဆီးချိုမဖြစ်အောင် ကာကွယ်ပေးနိုင်တာဖြစ်ပါတယ်။

ကိုယ်အလေးချိန်ကျစေနိုင်ခြင်း

ကုလားပဲမှာ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်နေသလို အမျှင်ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်တာကြောင့် ကိုယ်အလေးချိန် ကျချင်သူတွေအတွက် စားသုံးသင့်တဲ့ အစားအစာတစ်ခုလို့ ပြောချင်ပါတယ်။ အမျှင်ဓာတ်တွေက အဆာခံအောင် လုပ်ဆောင်ပေးပြီး ကုလားပဲမှာပါတဲ့ အာဟာရဓာတ်တွေက ခန္ဓာကိုယ်ကို အားပြည့်နေအောင် လုပ်ဆောင်ပေးပါတယ်။

အရိုးတွေသန်မာစေနိုင်ခြင်း

ကုလားပဲမှာ အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေနိုင်တဲ့ သံဓာတ်၊ ဖော့စဖော့ရတ်စ်၊ မဂ္ဂနီဆီယမ်၊ ကော့ပါး နဲ့ ဇင့်တို့ ပါဝင်နေပါတယ်။ ဒါ့အပြင်ကို ကုလားပဲမှာ အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေနိုင်တဲ့ အခြားဗီတာမင် နဲ့ သတ္တုဓာတ်တွေအပြင် အသက်အရွယ်ရလာလို့ဖြစ်လာတဲ့ အရိုးပွတာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးတဲ့ သတ္တုဓာတ်တွေလည်း ပါဝင်လို့နေပါတယ်။

ကလေးတွေမှာ မွေးရာပါချို့ယွင်းတာမျိုး မဖြစ်အောင် လုပ်ဆောင်ပေးနိုင်ခြင်း

ကုလားပဲမှာ Folate ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကုလားပဲကို စားသုံးမယ်ဆိုရင် မွေးလာမယ့် ကလေးငယ်မှာ မွေးရာပါချို့ယွင်းချက်ပါတာမျိုး မရှိဘဲ မွေးဖွားလာမှာဖြစ်ပါတယ်။ ကျန်းမာ သန်စွမ်းတဲ့က လေးငယ်လေး မွေးဖွားချင်တယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကုလားပဲစားဖို့ တိုက်တွန်းချင်ပါတယ်။

နှလုံးကျန်းမာစေနိုင်ခြင်း

ကုလားပဲမှာ အမျှင်ဓာတ်နဲ့ အိုမီဂါသရီး ဖက်တီးအက်ဆစ်ကြွယ်ဝစွာ ပါဝင်နေတာကြောင့် နှလုံးသွေးကြောကျဉ်းတာ၊ ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ နှလုံးကျန်းမာဖို့နဲ့ ခန္ဓာကိုယ်တစ်လျှောက်ကရောင်ရမ်းမှုတွေ သက်သာဖို့ဆိုရင်တော့ ကုလားပဲကို စားသုံးပေးသင့်ပါတယ်၊လို့ အကြံပြုလိုပါတယ်။

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”

MDN