ကတူးတိုင်းရင်းသားများ ရိုးရာပွဲတော် အင်းတော်မြို့နယ်တွင် ကျင်းပ

အင်းတော် ၂၅ မတ်

 

ကတူးတိုင်းရင်းသားများ၏ ရိုးရာပွဲတော်ကို ယနေ့ နံနက် ၉ နာရီက စစ်ကိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် နန့်သာကျေးရွာအုပ်စု အင်ပင်ကျေးရွာတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ကတူးတိုင်းရင်းသားများ ရိုးရာပွဲတော်မုဒ်ဦးအား တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးဘိုးသန်းညွန့်နှင့် ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးလထောင်ထန်း၊ ကသာခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုန်၊ အင်းတော်မြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်း၊ ကတူးအမျိုးသားအဖွဲ့ နာယက ဦးပြည့်သိန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးသန်းက ကတူးတိုင်းရင်းသားများ ရိုးရာပွဲတော်မုဒ်ဦးအား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

 

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးက အမှာစကား ပြောကြားသည်။ ဆက်လက်၍ ကတူးအမျိုးသားအဖွဲ့ နာယကနှင့် ကတူးတိုင်းရင်းသားများ ခေါင်းဆောင်များ ဖြစ်ကြသည့် ပင်လယ်ဘူးမြို့နယ်မှ ဦးချင်းအောင်၊ ဗန်းမောက်မြို့နယ်မှ ဦးဝင်းရွှေ၊ အင်းတော်မြို့နယ်မှ ဦးကံအောင်တို့က ကျေးဇူးတင်စကားများ ပြောကြားကြသည်။ ယင်းနောက် တက်ရောက်လာကြသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ ကတူးတိုင်းရင်းသား ရိုးရာအကများဖြင့် ကပြခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကတူးတိုင်းရင်းသားများ ရိုးရာပွဲတော်ကို မတ် ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်သို့ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာတို့မှ တာဝန်ရှိသူများ၊ ကနန်းတိုင်းရင်းသားများ၊ ရှမ်းနီတိုင်းရင်းသားများ၊ ကချင်တိုင်းရင်းသားများ၊ သတင်းမီဒီယာများနှင့် ကတူးတိုင်းရင်းသား/ တိုင်းရင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

 

ကိုမင်း(အင်းတော်)