ကသာမြို့ရှိ ကုန်စုံဆိုင်များတွင် တားမြစ်ထားသည့် အစားအသောက်/ဆေးဝါး/ဆေးပစ္စည်းနှင့် အလှကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိ

ကသာ  ၂၁   ဖေဖော်ဝါရီ  

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ကသာမြို့မဈေးရှိ ကုန်စုံဆိုင်များအား ယမန်နေ့နံနက်ပိုင်းက အဖွဲ့စုံဖြင့် ရှောင်တခင်စစ်ဆေးခဲ့ရာ ကုန်စုံဆိုင်များတွင် တားမြစ်ထားသည့် အစားအသောက်/ဆေးဝါး/ဆေးပစ္စည်းနှင့် အလှကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရန် ကြပ်မတ် ဆောင်ရွက်လျက်ရှိသည်ဟု စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းပိုက ပြောပြ၍ သိရသည်။

ထို့သို့စစ်ဆေးရာတွင် FDA မှ တရားဝင်ထုတ်ပြန်ထားသည့် စားသုံးရန်/အသုံးပြုရန်မသင့်သည့် အစားအသောက်/ဆေးဝါး/ဆေးပစ္စည်းများနှင့် အလှကုန်ပစ္စည်းများ ရောင်းချမှုရှိ/မရှိစစ်ဆေးခြင်းနှင့် စားသုံးရန်/အသုံးပြုရန်မသင့်သည့် ကုန်ပစ္စည်းများနှင့် သက်တမ်းလွန်ကုန်ပစ္စည်းများ ရောင်းချမှုရှိပါက သိမ်းဆည်းခြင်း ဆောင်ရွက်ခဲ့ပြီး သိမ်းဆည်းခဲ့သော ကုန်ပစ္စည်းများအား အဖွဲ့စုံဖြင့် မီးရှို့ဖျက်ဆီး သွားမည်ဖြစ်သည်။ ထို့ပြင် အမည်၊ လိပ်စာ၊ ပါဝင်ပစ္စည်း၊ စတင်ထုတ်လုပ်/သက်တမ်းကုန်ဆုံးရက်စွဲ မပါသော ကုန်ပစ္စည်းများကို မူရင်းထုတ်လုပ်သည့်နေရာသို့ ပြန်လည်လဲလှယ်ထုတ်ယူနိုင်ရန် သိမ်းဆည်းထားပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလည်း တားမြစ်ထားသည့် ဆေးဝါး(၁၁)မျိုးအား ရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့သည်။

 

‌ေ

 

စားသုံးသူရေးရာဦးစီးဌာနမှ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက် အမှတ်(၂/၂၀၁၉) ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ(၃)ရက် ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များကို ဖြန့်ဝေပေးလျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအတွက် အမည်၊ လိပ်စာ၊ ပါဝင်ပစ္စည်း၊ စတင်ထုတ်လုပ်/သက်တမ်းကုန်ဆုံး ရက်စွဲမပါသော ကုန်ပစ္စည်းများကို ထုတ်လုပ်ရောင်းချခြင်းကို တားမြစ်ပြီး ယင်းထုတ်ကုန်များကို ပြည်သူများ မစားသုံးစေရန် စာသင်ကျောင်း၊ ဈေး၊ ဌာနဆိုင်ရာနှင့် ပြည်သူများအကြား အခါအားလျော် စွာ အသိပညာပေးဟောပြောခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရဲအောင်(ကသာ)