ကသာမြို့နယ်တွင် ပင်စင်လစာလာထုတ်ယူသူများအား Mask များ ပေးဝေ

ကသာ   ၂၂   ဧပြီ    

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ရှိ Online ချစ်သူများအဖွဲ့၊ စေတနာရှင်များနှင့် အလှူရှင်များ စုပေါင်း၍ ကသာမြို့ အ.ထ.က(၁)တွင် ပင်စင်လစာလာထုတ်ယူသူများအား ဧပြီ ၂၂ ရက်နေ့၊ နံနက်ပိုင်းမှစတင်၍ Mask များ ပေးဝေသည်။

“Online ချစ်သူများအဖွဲ့အနေဖြင့် အဆိုပါ Mask များကို အလှူရှင်များဆီမှ ရရှိသော အလှူငွေများဖြင့် အဝတ်စများ ဝယ်ယူကာ ကသာမြို့ရှိ စက်ချုပ်ဆိုင်များသို့ အပ်နှံပြီး စက်ချုပ်ဆိုင်များက စေတနာဖြင့် ချုပ်လုပ်ပေးခြင်းဖြစ်ပါတယ်။ ယနေ့မှာတော့ ပင်စင်လစာလာထုတ်များကို Mask ၂၅၀ အထိ ပေးအပ်သွားမှာဖြစ်ပါတယ်။ အဆိုပါအဖွဲ့အနေဖြင့် အသင်းဝင်များ၏ ထည့်ဝင်ငွေများ၊ အလှူရှင်၊ စေတနာရှင်များနှင့် ပူးပေါင်းပြီး ကသာမြို့နယ်အတွင်းရှိ အဖွဲ့အစည်းများအပြင် လိုအပ်သည့်နေရာများမှာ Masks ၂၀ဝ၀ ကျော် ဆက်လက်လှူဒါန်းရန် စီစဉ်ထားပါတယ်” လို့  ဦးM.တူးလွန်(မ်) (Online ချစ်သူများအဖွဲ့ဝင်)က ပြောပြခဲ့သည်။

ကသာမြို့ မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်စားများ၏ ဧပြီလအတွက် ပင်စင်လစာများ အ.ထ.က(၁)တွင် ပြောင်းရွေ့ထုတ်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်သည့်အနေဖြင့် ပင်စင်လစာများ လာရောက်ထုတ်ယူသူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်ဆေးကန်များ ထားရှိခြင်း၊ ထိုင်ရမည့်နေရာများနှင့် လစာထုတ်ယူရမည့်နေရာများကို စနစ်တကျ စီစဉ်ထားရှိခြင်း၊ ပင်စင်စားများအနေဖြင့် ပင်စင်လစာများ လာရောက်ထုတ်ယူစဉ် လိုက်နာရမည့်အချက်များကို ပင်စင်စားများ သိရှိနိုင်ရန် ကြေညာထားပြီး ပင်စင်လစာများကို ဧပြီလကုန်အထိ နေ့စဉ် ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ပင်စင်လစာများထုတ်ယူချိန်တွင် ကသာမြို့နယ်ရဲတပ်ဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ရဲအောင်(ကသာ)