ကသာမြို့နယ်၌  တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အရန်စာစစ်ဌာနများ စီစဉ်ထားရှိ

ကသာ ၇ မတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူပေါင်း(၃၅၄၈)ဦး ပါဝင်ဖြေဆိုမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုနေစဉ်အတွင်း သဘာဝဘေးအန္တရာယ်နှင့် ထူးခြားဖြစ်စဉ်များ ပေါ်ပေါက်လာပါက အရေးပေါ်ဆောင်ရွက်နိုင်ရေးအတွက် အရန်စာစစ်ဌာန(၆)ခု စီစဉ်ထားရှိကြောင်း ကသာမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ စာမေးပွဲကို ကသာမြို့နယ်ရှိ အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(၃)၊ အ.ထ.က-ကျောက်ထုံးကြီး၊ အ.ထ.က-မိုးတားနှင့် အ.ထ.က-အင်းရွာ စသည့် စာစစ်ဌာန(၆)ခုတို့တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ကျောင်းသား(၁၄၆၆)ဦးနှင့် ကျောင်းသူ(၂၀၈၂)ဦး၊ စုစုပေါင်း(၃၅၄၈)ဦးတို့ ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်သည်။

ကသာမြို့နယ်အနေဖြင့် စာမေးပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကသာမြို့နယ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပရေးဦးစီးကော်မတီကို ဖွဲ့စည်းပြီး စာစစ်ဌာန(၆)ခုတို့၏ စာဖြေခန်းပြင်ဆင်မှုများ၊ စာဖြေဌာနများ၏ မီးဘေးလုံခြုံရေးလုပ်ငန်းများ၊ စာမေးပွဲကျင်းပနေစဉ်ကာလအတွင်း စာဖြေဌာနများ၏ အတွင်းအပြင်စည်း လုံခြုံရေးလုပ်ငန်းများ၊ စာဖြေသူများထဲမှ အရေးပေါ်ကျန်းမာရေးပြဿနာများ ပေါ်ပေါက်လာပါက စာမေးပွဲဖြေဆိုမှု မပျက်ကွက်စေရေးလုပ်ငန်းများ စသည့်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကသာမြို့နယ်ရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက စာမေးပွဲ မဖြေဆိုမီ တစ်ပတ်အလိုမှ စာမေးပွဲပြီးဆုံးသည်အထိ အဖွဲ့များဖွဲ့စည်းကာ နေ့ညမပြတ် စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကသာမြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအာလ်ပြိုင်ဖိုင်းက ပြောပြသည်။

ရဲအောင်(ကသာ)