ကရသူရိမြို့၌ ဒေသခံတောင်သူများကို လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ပေးအပ်

ကရသူရိ ၂၇ ဇူလိုင်

 

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် ဝန်ကြီးများအဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တော်ဝင်ခန်းမ၌ ဒေသခံတောင်သူများကို လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်က အဖွင့်အမှာစကားပြောကြားပြီး တောင်သူများအား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ပေးအပ်ရာတွင် ဝန်ကြီးချုပ်က ဟန်ကပြုကျေးရွာအုပ်စု တောင်သူများကိုယ်စား ဦးမောင်ကြွယ်အားလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ကော့ဗမာကျေးရွာအုပ်စု တောင်သူများကိုယ်စား ဒေါ်လဲ့လဲ့နွယ်အားလည်းကောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက မသေကျေးရွာအုပ်စု တောင်သူများကိုယ်စား ဦးသန့်ဇော်အားလည်းကောင်း၊ လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ကရသူရိမြို့ အမှတ် (၁၊ ၂၊ ၃) ရပ်ကွက်ရှိ တောင်သူများကိုယ်စား ဦးတင်မောင်ထွန်းအားလည်းကောင်း အသီးသီးပေးအပ်ခဲ့ရာ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) လက်ခံရယူခဲ့သည့် တောင်သူများကိုယ်စား တောင်သူဒေါ်လဲ့လဲ့နွယ်မှ ကျေးဇူတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

 

အဆိုပါအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းအုပ်ချုပ်ရေးမှူး ဦးခင်မောင်ကျော်၊ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ကျော်၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဦးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ဘုတ်ပြင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်နှင့် ကရသူရိမြို့ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပါတီအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

စိုးဝင်း(ပြန်/ဆက်)