ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်သို့ တက်ရောက်မည့် သင်တန်းသား/သင်တန်းသူများနှင့် တွေ့ဆုံ

ဘားအံ ၄ နိုဝင်ဘာ

 

ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)နှင့် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်/စစ်ကိုင်း)သို့ တက်ရောက်ခွင့်ရရှိသော သင်တန်းသား/ သင်တန်းသူများနှင့် နိုဝင်ဘာ ၃ ရက် မွန်းလွဲ ၃ နာရီက ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်မှသင်ပေးလိုက်သည့် ပညာရပ်များကို မိမိတို့ ပြည်နယ်၊ မိမိတို့နိုင်ငံအတွက် ပြန်လည်၍ အလုပ်အကျွေးပြုစေလိုကြောင်း၊ စည်းကမ်းတကျ နေထိုင်၍ သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်တို့မှ သင်ကြားပို့ချပေးမည့် ပညာရပ်များကို အပတ်တကုတ် ကြိုးစားလေ့လာစေလိုကြောင်း၊ တစ်နေ့မိမိပြည်နယ် မိမိအရပ်ဒေသသို့ ပြန်လည်တာဝန် ထမ်းဆောင်သည့်အခါ လေးစားလောက်သည့်သူများအဖြစ် ကျင့်ကြံကြိုးပမ်း အားထုတ်ကြပါဟု မှာကြားခဲ့ပြီး ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

 

ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် တက်ရောက်မည့် သင်တန်းသား တစ်ဦးနှင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ် တက်ရောက်မည့် သင်တန်းသူတစ်ဦးတို့က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)