ကရင်ပြည်နယ်တွင် ယခင်နှစ်များထက် တီဘီရောဂါကို ပိုမိုရှာဖွေလာနိုင်ပြီး ယခုနှစ်အတွင်း ရောဂါတွေ့ရှိနှုန်းမြှင့်တက်လာ

ဘားအံ  ၂၄  မတ် 

 

ကရင်ပြည်နယ်တွင် ယခင်နှစ်များထက် တီဘီရောဂါဖြစ်ပွားမှုကို ပိုမိုမြင်တွေ့လာရပြီး ရောဂါရှာဖွေတွေ့ရှိနှုန်းလည်း ပိုများလာကြောင်း၊ ဆေးယဉ်ပါးတီဘီရောဂါဖြစ်ပွားမှုအနေဖြင့် ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ ခုနှစ်များတွင် တန့်နေကြောင်း၊  ရိုးရိုးတီဘီဖြစ်ပွားမှုအနေဖြင့် ရောဂါကိုပိုမိုရှာဖွေနိုင်လာနိုင်သည့်အတွက် တွေ့ရှိနှုန်းလည်းမြှင့်တက်လာကြောင်း ယနေ့နံနက် ၁၀ နာရီက ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည့် ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားမှ သိရသည်။

 

အဆိုပါအခမ်းအနားကို ῝ တီဘီရောဂါကင်းဝေးဖို့ ကဏ္ဍပေါင်းစုံလက်တွဲလို့ ယနေ့မှစဆောင်ရွက်စို့῍  ဆောင်ပုဒ်ဖြင့်ကျင်းပခြင်းဖြစ်ပြီး တီဘီရောဂါရှာဖွေကုသသည့်အပိုင်းကို တီဘီတိုက်ဖျက်ရေးဌာနမှ  သလိပ်စစ်ပေးခြင်း ဓါတ်မှန်ရိုက်ပေးခြင်း၊ကွင်းဆင်းရှာဖွေခြင်းများဆောင်ရွက်လျက်ရှိကြောင်း၊ ကွင်းဆင်းရှာဖွေရာတွင်မိတ်ဖက်အဖွဲ့အစည်း များဖြင့်ပူးပေါင်း၍ တိုင်းရင်းသားလူမျိုးများနေထိုင်ရာ ဝေလံခေါင်ပါးပြီး သွားလာရမလွယ်ကူသည့် နေရာဒေသများထိ ရွှေ့လျားတီဘီနယ်လှည့်အဖွဲ့များဖြင့်သွားရောက်၍ဝေဒနာရှင်များအားရှာဖွေကုသပေးခြင်း၊ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲများကျင်းပ၍ တားဆီးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ဝေဒနာရှင်များကို တွေ့ရှိသည်နှင့် တစ်ရက် နှစ်ရက်အတွင်း တီဘီဆေးကို စတင်တိုက်ကျွေးကြောင်း၊ ဆေးကိုလည်းအလုံအလောက်ဖြင့် One Stop Service ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။

 

တီဘီရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍  တီဘီရောဂါတိုက်ဖျက်ရေးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဆန်းလှဖြူက ῝ ကျန်းမာရေးပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အများပြည်သူများကို လာရောက် နားထောင်စေချင်တယ်၊ တီဘီရောဂါဟာ ဆေးသောက်ရင်ပျောက်ကင်းတဲ့ရောဂါဖြစ်တယ်၊ တိတိကျကျနဲ့ ခြောက်လဆို ခြောက်လ ရှစ်လဆိုရှစ်လ အချိန်တိတိကျကျ၊ ဆေးလုံးတိတိကျကျနဲ့ ညွှန်ကြားတဲ့လအထိ မှန်မှန်ကန်ကန် သောက် ပေးခြင်းအားဖြင့်လည်း အခြားသူတွေမကူးစက်အောင် ကာကွယ်ရာရောက်ပါတယ်၊ တကယ်လို့ချောင်းဆိုးနှစ်ပတ် ကျော်ရင် သံသယရှိပါ ကျွန်မတို့ဌာနကို အချိန်မရွေးလာပြီးတော့ စစ်ဆေးပေးပါ၊ ခေတ်အမီဆုံးစက်ကြီးတွေနဲ့ အခမဲ့ စမ်းသပ်ကုသပေးမှာဖြစ်ပြီး နွေးထွေးစွာကြိုဆိုနေပါတယ်၊  တီဘီရောဂါဟာ လေကတစ်ဆင့်ကူးစက်ခြင်းဖြစ်တဲ့အတွက် အင်မတန်ကြောက်စရာကောင်းပါတယ်၊  ဆေးကိုကာလကြာရှည် သောက်ရတဲ့အတွက်ကြောင့် ဆေးသောက်ပျက်ကွက် ပြီး ဆေးယဉ်ပါးတီဘီတွေဖြစ်ပွားနေပါတယ်၊ ဆေးယဉ်ပါးတီဘီကို လ(၂၀)ကနေ (၂)နှစ်ထိ ဆေးသောက်ဆေးထိုး တွေလုပ်ရမှာဖြစ်တဲ့အတွက် ပိုပြီးတော့ခက်ခဲလာပါတယ်၊ ပျောက်ကင်းတဲ့ရာခိုင်နှုန်းကလည်း ၇၀ ရာခိုင်နှုန်း ခန့်သာရှိတဲ့အတွက်ကြောင့် တကယ်ဆေးတိုးတဲ့တီဘီဖြစ်တုန်းမှာ ဆေးကို မှန်မှန်လေးသောက်ကြပါလို့ တိုက်တွန်းချင် ပါတယ်῍  ဟုပြောသည်။

 

အခမ်းအနားတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်လင်းက အဖွင့်အမှာစကားပြော ကြားပြီး ဒုတိယပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး(ရောဂါနှိမ်နှင်းရေ)ဒေါက်တာခိုင်စန္ဒာအောင်က၂၀၁၉-ခုနှစ် ကမ္ဘာ့တီဘီ ရောဂါတိုက်ဖျက်ရေးအခမ်းအနားအတွက်ပြည်ထောင်စုဝန်ကြီး၏အဖွင့်မိန့်ခွန်းအားဖတ်ကြားကာ တီဘီ/အနာကြီးရောဂါ တိုက်ဖျက်ရေးဌာနလက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာဆန်းလှဖြူက တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းအခြေ အနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။  

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)