ကရင်ပြည်နယ်လွှတ်တော်သို့ လူမှုရေးရာသုတေသနအဖွဲ့မှဦးဆောင်၍ လူငယ်များလာရောက်လေ့လာ

ဘားအံ ၂၇ ဇွန်

ဘားအံအခြေပြု လူမှုရေးရာသုတေသနအဖွဲ့မှ ဦးဆောင်၍ ဘားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် များမှ လူငယ်များသည် ဇွန်လ ၂၇ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က ကရင်ပြည်နယ်လွှတ်တော်သို့ လာရောက်လေ့လာ ခဲ့ကြကြောင်း သိရသည်။

ရှေ့ဦးစွာ ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာဝင်းက လွှတ်တော်သို့လာရောက်လေ့လာသည့် လူငယ်များအားလုံးကို ကျေးဇူးတင်ပါကြောင်း၊ ကရင်ပြည်နယ်အတွင်းရှိ လူငယ်အချို့တွင် လောင်းကစားနှင့် မူးယစ်ဆေးဝါး၏ ဝါးမြိုခြင်းကို ခံစားနေကြရကြောင်း၊ ယခုကဲ့သို့ လောင်းကစားနှင့် မူးယစ်ဆေးဝါး၏ စက်ကွင်းမှ လွှတ်မြောက်နေသည့် လူငယ်များက လွှတ်တော်၏ လုပ်ငန်းစဉ်၊ လွှတ်တော်၏ အခန်းကဏ္ဍ၊ အစိုးရ၏ အခန်းကဏ္ဍဟူသည့် နိုင်ငံရေးဖြစ်စဉ်ကို စိတ်ပါဝင်စားသည့်အတွက် ဂုဏ်ယူဝမ်းမြောက် ရပါကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောသည်။

ထို့နောက် လေ့လာရေးလာရောက်သည့် လူမှုရေးရာသုတေသနအဖွဲ့ဦးဆောင်သည့် လူငယ်များက တစ်ဦးချင်း မိတ်ဆက်ကြပြီး ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော် ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွန်းလေးတို့က ကရင်ပြည်နယ်လွှတ်တော်ဆိုင်ရာလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြရာ လူမှုရေးရာသုတေသနအဖွဲ့ ဦးဆောင်သော ကရင်ပွင့်လင်းအဖွဲ့၊ စိမ်းလန်းမျိုးဆက်လူငယ် အဖွဲ့၊ LIC ၊ RISE ၊ F&J Women Network ၊ EGG ၊ ဖွံ့ဖြိုးရေးလူငယ် အဖွဲ့တို့မှ လူငယ် ၃၀ ဦးခန့်က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်းနှင့် လူမှုရေးရာသုတေသနအဖွဲ့ဦးဆောင်သည့် လူငယ်များကိုယ်စား လူငယ် တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်း သိရသည်။

(သတင်းစဉ်)