ကရင်ပြည်နယ်အတွင်းသို့ လာရောက်တာဝန်ထမ်းဆောင်ကြသော ဝန်ထမ်းများအား ဂုဏ်ပြုကြိုဆိုပွဲနှင့် တာဝန်ပေးအပ်ပွဲ ကျင်းပ

ကရင်ပြည်နယ်သည် နယ်မြေအေးချမ်းသာယာလာပြီး လမ်းပန်းဆက်သွယ်ရေး၌လည်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည့်အတွက် စိုက်ပျိုးရေးဦးစီးဌာနသည် ဒေသတွင်း လိုအပ်လျှက်ရှိသော ပညာရှင်ဝန်ထမ်းများ၊ အထောက်အကူပြု ဝန်ထမ်းများကို လျင်မြန်စွာ ဖြည့်ဆည်းဆောင်ရွက်လျှက်ရှိပြီး ကရင်ပြည်နယ်အတွင်းသို့ လာရောက်တာဝန် ထမ်းဆောင်ကြသော ဝန်ထမ်းများ၊ တစ်ဆင့်မြင့် ရာထူးတိုးဝန်ထမ်းများအား ဂုဏ်ပြုပွဲကို ယနေ့ နံနက်ပိုင်းက ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ရဲသူရခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

 

 

အခမ်းအနားတွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက ရာထူးတိုးဖြင့် တာဝန်ထမ်းဆောင်ရသည့် ဝန်ထမ်းများအား ဝမ်းသာကြိုဆိုပါကြောင်း၊ ကရင်ပြည်နယ်၏ ဝေးလံသော ဒေသများသို့ တာဝန်ထမ်းဆောင်ရာတွင် မိမိတို့ဒေသကဲ့သို့ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးစားဆောင်ရွက်သွားကြရန် အမှာစကားပြောကြားပြီး မြို့နယ်အလိုက် တာဝန်ခွဲဝေချထားပေးခဲ့ကြောင်း သိရသည်။

 

 

ကရင်ပြည်နယ်တွင်၂၀၁၈ ခုနှစ်အတွင်း အရာထမ်း ၃၁ ဦး၊ အမှုထမ်း ၂၃၃ ဦး၊ စိုက်ကွင်းဝန်ထမ်းနှင့် ရုံးလုပ်ငန်း အထောက်အကူပြု ဝန်ထမ်း (အလုပ်သင်) ၈၉ ဦးတို့ကို ခန့်ထားပေးနိုင်ပြီး ယခုအခါ လိုအပ်သော လုပ်ငန်းများအတွက် ပြည်နယ်အတွင်းနှင့် အခြားဒေသများမှ ဦးစီးအရာရှိ ၆ ဦး၊ ရုံးလုပ်ငန်းစာရင်းပိုင်းဆိုင်ရာ စာရေးနှင့် ငွေစာရင်း ၁၃ ဦးတို့ကို ဖြည့်စွက်ခန့်ထားပေးခဲ့ကြောင်းနှင့် ပြည်နယ်တွင်း လမ်းပန်းဆက်သွယ်ရေး လွယ်ကူကာ စိုက်ပျိုးရေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အသီးသီးနှင့် နယ်စပ်ဒေသ မြို့နယ်၊ မြို့များအတွက် ဝန်ထမ်းများ ကို ဖြည့်စွက်ခန့်ထား၍ လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)