ကရင်ပြည်နယ်အတွင်း သံလွင်မြစ်ရေကြီးမှုနှင့် မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် အခြေခံပညာကျောင်းပေါင်း ၃၉၆ ကျောင်း ပိတ်ထားရ

ဘားအံ ၃၁  ဇူလိုင် 

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ဇူလိုင်လ (၃၀)ရက်နေ့ နံနက် ၆ နာရီခွဲ အချိန် တိုင်းတာချက်အရ သံလွင်မြစ်ရေသည် ဘာအံမြို့တွင် (၉၃၈) စင်တီမီတာသို့ ရောက်ရှိခဲ့ပြီး နှစ်ပေါင်း (၅၃)နှစ်အတွင်း အမြင့်ဆုံး ရေအမှတ် ဖြစ်ခဲ့သည်။ 

 

ကရင်ပြည်နယ်အတွင်း သံလွင်မြစ်ရေကြီးမှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင်လ (၃၁)ရက်နေ့အထိ ပိတ်ထားရသည့် အခြေခံပညာ မူလတန်း၊ အလယ်တန်း နှင့် အထက်တန်းကျောင်းများမှာ ဘားအံမြို့နယ်တွင် ၂၁၇ ကျောင်း၊ လှိုင်းဘွဲ့မြို့နယ် တွင် ၆၆ ကျောင်း၊ ဖာပွန်မြို့နယ်တွင် ၄၂ ကျောင်း၊ ကော့ကရိတ်မြို့နယ်တွင် ၄၇ ကျောင်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၂၃ ကျောင်း၊ မြို့ဝတီမြို့နယ်တွင် ၁ ကျောင်း၊ စုစုပေါင်း (၃၉၆)ကျောင်း ပိတ်ထားရကြောင်း သိရှိရသည်။

 

 

အဆိုပါ ပိတ်ထားခဲ့သည့် အခြေခံပညာကျောင်းများရှိ ကျောင်းသားများ ပညာသင်ကြားမှု နောက်မကျစေရန်အတွက် ကျောင်းပိတ်ရက်(၂)ရက်တွင် (၁)ရက် ပြန်ဖွင့်မည်ဖြစ်ပြီး ကျောင်းဖွင့်ရက်တွင်လည်း အချိန်ပိုဖွင့်ကာ ပြန်လည်သင်ကြားပေးမည် ဖြစ်ကြောင်း ကရင်ပြည်နယ် ပညာရေးမှူးထံမှ သိရှိရသည်။

 

(ခရိုင် ပြန်/ဆက်)