ကရင်နှစ်သစ်ကူးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကရင်ရိုးရာဂျပ်ခုတ်ပြိုင်ပွဲကျင်းပ

ဘားအံ ၅ ဇန်နဝါရီ  

ကရင်သက္ကရာဇ် ၂၇၅၈ ခုနှစ် ပြာသို (သလေးထိုင်ခေါက်ဖိုး) လဆန်း ၁ ရက်နေ့တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကရင်ရိုးရာဂျပ်ခုတ်ပြိုင်ပွဲကို ဇန်နဝါရီ ၅ ရက် နံနက် ၁၀ နာရီက ဘားအံမြို့ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း၌ ကျင်းပသည်။

 

mdn

 

တိုင်းရင်းသားမျိုးနွယ်စုအလိုက် အသုံးပြုကြသော ရိုးရာဂျပ်ခုတ်စင် အမျိုးမျိုးရှိသည့်အနက် ကရင်တိုင်းရင်းသားတို့သည် ခါးပတ်ဂျပ်ခုတ်ရက်ကန်းစင်ကို အသုံးပြုကြပြီး ချည်မျှင်နှင့် အထည်စက်ကြီးများ ခေတ်မီတိုးတက်လာသော်လည်း တိုင်းရင်းသားရိုးရာ အဝတ်အထည် ရက်လုပ်မှုဆိုင်ရာ လုပ်ငန်းများ တိမ်ကောသွားခြင်း မရှိစေရေးနှင့် ပိုမိုရှင်သန်လာစေရေး၊  တန်ဖိုးမဖြတ်နိုင်သော ကရင်ရိုးရာ ဂျပ်ခုတ်အမွေအနှစ်များ ပျက်စီးပျောက်ကွယ်သွားခြင်း မရှိစေရေးအတွက် ရိုးရာဂျပ်ခုတ်ပညာရပ်ကို လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက် သွားကြစေလိုသော ရည်ရွယ်ချက်ဖြင့် ပြိုင်ပွဲအား ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

mdn

 

ပြိုင်ပွဲဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အမှာစကားပြောကြားပြီး ဘားအံမြို့ ရက်ကန်းနှင့် သက်မွေးပညာ သင်တန်းကျောင်း ကျောင်းအုပ်မှ ပြိုင်ပွဲနှင့်ပတ်သက်သော အမှတ်ပေး စည်းမျဉ်းများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ကရင်ရိုးရာ ဂျပ်ခုတ်ပြိုင်ပွဲကို ကျင်းပရာ ဘားအံမြို့နယ် တာလဂုဏ်ကျေးရွာ၊ မှိုင်းကံကျေးရွာ၊ အထက်ကော့ရင်းကျေးရွာ၊ ရိုးမဟာကျေးရွာ၊ တောင်ကလေးကျေးရွာ၊ ကော့ကရိတ်မြို့နယ် ကျုံဒိုးကျေးရွာ၊ လေးတိုင်ကျေးရွာ၊ လှိုင်းဘွဲမြို့နယ် မအဲကျေးရွာနှင့် သံတောင်မြို့တို့မှ ပြိုင်ပွဲဝင် ဂျပ်ခုတ်အဖွဲ့ ၂၄ ဖွဲ့က ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဂျပ်ခုတ်ယှဉ်ပြိုင်နေမှုအား လိုက်လံကြည့်ရှု အားပေးခဲ့ကြကာ ပြိုင်ပွဲတွင် ဆုရရှိသူများအား ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားတွင် ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း  သိရသည်။

 

mdn


ကရင်ရိုးရာ ဂျပ်ခုတ်ထည် တစ်ထည်ဖြစ်ပေါ်လာရန် အချိန် ၁၀ ရက်ခန့်ပေးရကြောင်း၊ ဂျပ်ခုတ်လုပ်ကိုင်သူများသည် သားသမီးဆွေမျိုးများအတွက်နှင့် သီးသန့်မှာယူသူများအတွက်သာ ဆောင်ရွက်ကြကြောင်း၊ ဈေးနှုန်းအားဖြင့် ငွေကျပ် သောင်းဂဏန်းမှ သိန်းဂဏန်းထိရှိ၍ ရှေးကရင် ဘိုးဘွားဝတ်ဆင်သည့် ကရင်ရိုးရာစစ်စစ် ဂျပ်ခုတ်ထည် အချို့သည် ငွေကျပ်ဆယ်သိန်းနှင့်အထက် တန်ဖိုးရှိကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)