ကပ်ရောဂါကိုအကြောင်းပြု ခွဲခြားဆက်ဆံမှုတို့ မရှိစေချင်

 

ကမ္ဘာတစ်ခွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ သုံးသန်းခန့်ထိ ရှိလာချိန်တွင် ယင်းရောဂါကြောင့် သေဆုံးရသူဦးရေမှာလည်း နှစ်သိန်းကျော်လာခဲ့ပြီဖြစ်သည်။ ရောဂါကို ဖြစ်ပွားစေသည့် ဗိုင်းရပ်စ်ပိုးသည် ယခင်က လူသားတို့တွေ့ကြုံခဲ့ကြရဖူးသည့် သမိုင်းဝင်ကပ်ရောဂါများမှ ဗိုင်းရပ်စ်ပိုးများနှင့်မတူဘဲ ထူးထူး ခြားခြား မာယာများလှသည်ဟု သုတေသီများက ဆိုကြသည်။ ထို့အပြင် ကိုဗစ်-၁၉ ရောဂါကို ပြင်းပြင်းထန်ထန်ခံစားကြရသည့် နိုင်ငံများတွင် အနောက်နိုင်ငံကြီးများက ကိန်းဂဏန်းများအရ ထိပ်ဆုံးသို့ရောက်နေကြရသည်မှာလည်း ထူးခြားသည်။ ရောဂါ ကူးစက်ပျံ့နှံ့မှုများပြားခြင်းနှင့်အတူ သေဆုံးမှုကိန်းဂဏန်းများလည်း မြင့်တက်လာသည့်အခါ အဆိုပါနိုင်ငံကြီးများတွင်ရှိနေသည့် လူမှုအသိုင်းအဝိုင်းများအတွင်း ကူးစက်မြန်ကပ်ရောဂါကို  အကြောင်းပြု၍ လူအချင်းချင်း ခွဲခြားဆက်ဆံခြင်းများ ဖြစ်ပေါ်လာ သည်။

 

ကိုဗစ်-၁၉ ရာဂါ စတင်ပျံ့နှံ့ခဲ့သည့် တရုတ်နိုင်ငံနှင့် တရုတ်လူမျိုးတို့အပေါ် ဒေါသများ ဖြစ်ပေါ်လာခြင်းမှစတင်ကာ နောက်ပိုင်းတွင် အသားဝါအာရှသားများ၊ မွန်ဂိုလွိုက်သွင်ပြင်ရှိသော အာရှသားများကိုပါ ခွဲခြားဆက်ဆံခြင်းနှင့် ရန်လိုတိုက်ခိုက်မှုများ ပြုလုပ်လာကြကြောင်း သတင်းအချို့တွင် တွေ့ရသည်။ ယင်းနိုင်ငံများတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများနှင့် ၎င်း နိုင်ငံသားများအဖြစ် ခံယူထားသူ မြန်မာနွယ်ဖွားများလည်း  ခွဲခြားမှုနှင့် ရန်လိုမှုတို့ ခံစားကြရကြောင်း လူမှုကွန်ရက်များမှတစ်ဆင့် တွေ့မြင်ကြရသည်။ အာရှနိုင်ငံတစ်ခုမှ စတင်ဖြစ်ပေါ်လာသည့် ကူးစက်မြန်ဗိုင်းရပ်စ်နှင့် ကပ်ရောဂါကြောင့် အာရှနိုင်ငံများမှ လူများကို ရွံရှာမုန်းတီးကြခြင်း၊ ခွဲခြားဆက်ဆံကြခြင်းဖြစ်ပြီး သတင်းမီဒီယာများ၌ပင် လူမျိုးရေး ခွဲခြားသည့်သဘော သက်ရောက်သည့် ခေါင်းစဉ်နှင့် အရေးအသား၊ အသုံးအနှုန်းများ ပါရှိခဲ့သည်။

 

မိမိတို့နိုင်ငံတွင်လည်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ စတင်တွေ့ရှိခဲ့သည့် မတ်လ ၂၃ရက် နေ့မှစတင်ကာ ယခု တစ်လစွန်းစွန်းသို့ ရောက်ရှိလာချိန်တွင် ယခု ဤစာရေးနေချိန် အထိ ဓာတ်ခွဲအတည်ပြုလူနာ ၁၄၆ ဦး၊ ပြန်လည်ကျန်းမာလာသူ ၁၀ ဦးနှင့် သေဆုံးသူ ငါးဦးရှိနေသည်။ ရောဂါပိုး ကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၊ မြို့ရွာဒေသတိုင်းမှာ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နေကြသည်။ ကျန်းမာရေး၊ အထွေထွေအုပ်ချုပ်ရေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ကဲ့သို့သော ဌာနဆိုင်ရာများနှင့် စေတနာရှင်များ၊ လူမှုရေးအဖွဲ့ အစည်းများ၊ ပရဟိတအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ စသည့် စုပေါင်းအင်အားများဖြင့် ဆောင်ရွက်နေကြခြင်းဖြစ်သည်။

 

ကိုဗစ် - ၁၉ ရောဂါသည် မာယာများလှသည့်ရောဂါဟု ဆိုခဲ့ပြီးဖြစ်သည်။ ရောဂါပိုး ကူးစက်ခံထားရသည့်တိုင် ကျန်းကျန်းမာမာနှင့် ရောဂါလက္ခဏာမပြ။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် လူအများကြား သွားသွားလာလာနှင့်ပင် ၎င်းကိုယ်တိုင် မသိလိုက်ဘဲ နောက်ထပ်လူများစွာကို ရောဂါကူးစက်စေခဲ့ကြောင်း သာဓကများ ထွက်ပေါ်ခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ရာ လူတစ်ဦးချင်း ခပ်ခွာခွာနေခြင်း၊ လိုအပ်ပါက နေရာအဝန်းအဝိုင်းတစ်ခုကိုဖြစ်စေ၊ လမ်း၊ ရပ်ကွက်၊ မြို့နယ်တစ်ခုခုကိုဖြစ်စေ ကာလအကန့်အသတ်ဖြင့် အသွားအလာကန့်သတ်မှု၊ တားဆီးထိန်းချုပ်မှု တို့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကာကွယ်တားဆီးရေးတွင် အဓိကအရေးပါသည့် အလျောက် တစ်ကမ္ဘာလုံးတွင် ကျင့်သုံးနေကြရသည်။ ထိထိရောက်ရောက် ကျင့်သုံးနိုင်သည့်နိုင်ငံက ရောဂါကိုလည်း ထိထိရောက်ရောက် တားဆီးနိုင်ခဲ့ကြသည်။

 

ဤနေရာတွင် သတိပြုရမည်မှာ အသွားအလာကန့်သတ် စောင့်ကြည့်ခံရသူများကို သာမက ရောဂါအတည်ပြုနိုင်သည့် လူနာများကိုပါ ခွဲခြားဆက်ဆံမှုပြုကြသည့် အမူအကျင့်များကို မပြုလုပ်မိကြဖို့ပင်ဖြစ်သည်။ သိလျက်နှင့်ဖြစ်စေ၊ အမှတ်တမဲ့နှင့် ဖြစ်စေ ကန့်သတ်စောင့်ကြည့် ခံရသူများ၊ ဓာတ်ခွဲအတည်ပြုလူနာများ၊ ဆရာဝန်၊ ဆရာမများ၊ သူနာပြုများအပါအဝင် ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းအချို့ကိုပါ ရောဂါပိုးသယ်ဆောင် ကူးစက်နိုင်သူများ၊ အပြစ်ရှိသူများကဲ့သို့ ခွဲခြားဆက်ဆံပြုမူမှုများ ရှိနေကြခြင်းက အသိပညာ၊ ယဉ်ကျေးမှုနှင့် လူ့ကျင့်ဝတ်တို့ သိမ်ဖျင်းခေါင်းပါးမှုကို ပြဆိုသကဲ့သို့ ဖြစ်သည့်အလျောက် ပညာပြည့်ဝ၊ နှလုံးလှသူတိုင်းက ဝိုင်းဝန်းဖယ်ရှားကြရပါမည့် အကြောင်း။    ။

 

မြန်မာ့အလင်း