ကပ်ရောဂါကြောင့် ကမ္ဘာပေါ်မှာ လူပေါင်း ၇ သိန်းကျော်သေဆုံး

၅ ဩဂုတ်

 

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် သေဆုံးသူ ၇၀၀,၀၀၀ ကျော်သွားကြောင်း AFP သတင်းဌာနရဲ့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁၈,၅၄၇,၈၃၃ ဦးထဲမှ ၇၀၀,၄၈၉ ဦးသေဆုံးခဲ့ပေမယ့် ၁၀,၈၈၉,၇၄၅ ဦး ပြန်လည်ကျန်းမာလာကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။နိုင်ငံအများစုမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး စစ်ဆေးမှုကို ရောဂါလက္ခဏာ ရှိသူနဲ့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိသူများသာ စစ်ဆေးကြောင်း သိရပါတယ်။ အခုထုတ်ပြန်တဲ့ စာရင်းဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ သက်ဆိုင်ရာနိုင်ငံတွေမှ ထုတ်ပြန်ချက်ကိုသာ ပြုစုထားခြင်းဖြစ်ကြောင်း သတင်းဌာနက ပြောပါတယ်။

 

ဥရောပတိုက်မှာ သေဆုံးသူ ၂၁၁,၃၆၅ ဦး ရှိတဲ့အတွက် ဗိုင်းရပ်စ်ရောဂါပိုးဒဏ် ခံရဆုံးနေရာဖြစ်ပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ အများဆုံး လေးနိုင်ငံမှာ အမေရိကန် ၁၅၆,၈၀၆ ဦး၊ ဘရာဇီး ၉၅,၈၁၉ ဦး၊ မက္ကဆီကို ၄၈,၈၆၉ ဦးနဲ့ ဗြိတိန် ၄၆,၂၉၉ ဦးတို့ ဖြစ်ပါတယ်။

 

မေလ ၂၆ ရက်ကစပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူဟာ နှစ်ဆဖြစ်လာပြီး သီတင်းသုံးပတ်အတွင်းမှာ သေဆုံးသူ ၁၀၀,၀၀၀ နီးပါးရှိလာကြောင်း သိရပါတယ်။ 

 

MDN

ကိုးကား - AFP