ကျပ် ၁၆၂ သိန်းကျော်တန်ဖိုးရှိ PPE ဝတ်စုံများ လှူဒါန်းခဲ့သည့် မြင့်မြတ်နှင့် တွေ့ဆုံမေးမြန်းခြင်း

ကိုလင်း

 

ပရိသတ်၏ လက်ခံအားပေးမှုများစွာကို ရရှိထားသည့် သရုပ်ဆောင် အကယ်ဒမီ မြင့်မြတ် က ပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလတွင် ရောဂါကာကွယ်ရေးအတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပြီး ကျပ် ၁၆၂ သိန်းကျော် တန်ဖိုးရှိ တစ်ကိုယ်ရေသုံး ကာကွယ် ရေးဝတ်စုံ (PPE) များကို ဝေဘာဂီဆေးရုံသို့ လှူဒါန်းခဲ့သည်။

 

အကယ်ဒမီမြင့်မြတ်၊ ဇနီး မခင်သူအောင်နှင့် သား မောင်မြတ်သူ မိသားစုက ကျပ် ၁၆၂၄၀၀၀၀ တန်ဖိုးရှိ PPE ဝတ်စုံ ၁၀၄၀ ကို ဝေဘာဂီဆေးရုံသို့ လှူဒါန်းခဲ့ခြင်းဖြစ်သည်။ အဆိုပါလှူဒါန်းမှု အပါအဝင် ကိုဗစ်-၁၉ နှင့် ပတ်သက်၍ မြင့်မြတ်၏အမြင်များ၊ အနုပညာလှုပ်ရှားမှုများနှင့် မိသားစု အကြောင်းများကို ဧပြီ ၁၀ ရက်က တွေ့ဆုံမေးမြန်း ဖြစ်ခဲ့သည်။

 

မေး။ ။Original Gangster3 ကို ရုံတင်ခါနီးမှ ကိုဗစ်-၁၉ကြောင့် ရုံတွေပိတ်လို့ ပြသခွင့် မရတဲ့အပေါ် အမြင်ကို ပြောပါဦး။

 

ဖြေ။ ။မတတ်နိုင်ဘူးလေ။ ရိုက်ကူးတုန်းက အခက်အခဲတွေများခဲ့ပါတယ်ဆိုမှ ရုံတင်တဲ့အချိန်မှာ ဒီလိုမျိုး ဖြစ်သွားတယ်ဆိုတော့ စိတ်ဓာတ်ကျမိတာကတော့ အမှန်ပါပဲ။ ကျွန်တော့်ထက်ယုန်လေးက ပိုဆိုးပါတယ်။ သူက ဒါရိုက်တာလည်း ဒါရိုက်တာဆိုတော့ သူကပိုပြီးတော့ စိတ်ဖိအားတွေ များနေတာပေါ့နော်။

 

မေး။ ။ဒီကားကို ရိုက်တုန်းကလည်း အခက်အခဲတွေ များခဲ့တယ်လို့ သိရတယ်။ ပြောပြပေးပါဦး။

 

ဖြေ။ ။အခက်အခဲတွေကတော့ အများကြီးပါပဲ။ ဟိုတယ်ပြန်ပေးဆွဲတာလို အခန်းတွေပေါ့၊ အဲဒီလို ဟိုတယ်ပြန်ပေးဆွဲတဲ့ အခန်းတွေ၊ Gun Shot တွေကအစ ဒီကားထဲမှာ သေချာလေး ပြင်ဆင်ပြီးတော့ ရိုက်ထားပါတယ်ဗျ။

 

မေး။ ။အခက်အခဲတွေအများကြီးနဲ့ ကြိုးစားထားတာဆိုတော့ ဒီကားနဲ့ပတ်သက်ပြီး ဘာများပြောပြချင်သေးလဲ။

 

ဖြေ။ ။ရုံတင်တာတော့ တင်ပါမယ်။ တကယ်လို့ ရုံတင်တဲ့အခါကျရင်လည်း ပရိသတ်ကြီးက အားပေးပါဦးလို့ ပြောချင်ပါတယ်။

 

မေး။ ။နောက်ထပ် ရင်သွေးလေးရသွားတဲ့ခံစားချက်ကိုလည်း ပြောပြပေးပါဦး။

 

ဖြေ။ ။ Suprise ဖြစ်ရတာပေါ့။ ပျော်လည်းပျော်တာပေါ့။ အမှန်တော့ ကျွန်တော်တို့က နည်းနည်းခြားပြီးတော့မှ ယူချင်တာပေါ့နော်။ နောက်သုံးလေးနှစ်လောက် ခြားပြီးမှ ယူမလို့ပါပဲ။ စိတ်ကူးနဲ့ လက်တွေ့နဲ့ မတူဘူးဖြစ်သွားတယ်ပေါ့။ လက်တွေ့က နည်းနည်းစောသွားတယ်။ နောက်ထပ်တော့ ကလေးလည်း မယူတော့ပါဘူး။ ဒါက နောက်ဆုံးပါပဲ။

 

မေး။ ။ဒီနှစ်သင်္ကြန် ဘယ်မှာရှိမလဲ။

 

ဖြေ။ ။ပထမကတော့ နိုင်ငံခြားကို မိသားစုနဲ့ခရီးထွက်ဖို့ စဉ်းစားထားတာပါ။ အခုတော့ ခရီးမထွက်ဖြစ်တော့ဘူးလေ။ ကိုယ့်အိမ်မှာပဲ အေးဆေးနေဖြစ်မယ်။

 

မေး။ ။ပရိသတ်တွေကို ဘာများ ပြောချင်တာရှိပါသေးလဲ။

ဖြေ။ ။ပရိသတ်တွေကို ခုချိန်မှာ ကျန်းမာရေးအတွက် အစစအရာရာ ဂရုစိုက်ပြီး နေထိုင်ကြစေချင်တယ်။ ကျွန်တော့်ကို အမြဲချစ်ပေး နေတဲ့ပရိသတ်တွေကို ကျေးဇူးပါတယ်။

 

မြန်မာ့အလင်း