ကျွန်တော်တို့သွားနေတဲ့ ငြိမ်းချမ်းရေးရဲ့ အခြေခံတစ်ခုဖြစ်တယ်။ ကျွန်တော်တို့ လျှောက်ရမယ့် ခြေလှမ်းထဲကတစ်ခု

နေပြည်တော် ၁၅ ဖေဖော်ဝါရီ

 

သိက္ခာတော်ရဆရာတော် စောမက်သယူးအေး (ပြည်တွင်းအသိသက်သေ လက်မှတ်ရေးထိုးသူ) က “ဒီကနေ့ပွဲမှာ ပြည်တွင်းအသိသက်သေအနေနဲ့ လက်မှတ်ရေးထိုးခွင့်ရတဲ့အတွက်၊ ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ခုမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခွင့်ရတဲ့အတွက် အားတက်သရော ဖြစ်ပါတယ်။ ဒီနေ့ လက်မှတ်ရေးထိုးပွဲဟာ ကျွန်တော်တို့ တိုင်းရင်းသားတွေ မျှော်လင့်တဲ့ ရလဒ်တစ်ခုပါပဲ။ ပြီးပြည့်စုံတယ်လို့ မဆိုလိုပေမယ့် နောက်ထပ်အဖွဲ့နှစ်ခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ ပါဝင်လာတာ ကောင်းမွန်တဲ့ အပေါင်းလက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။

 

NCA ကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ပြောသလိုပဲ။ ကျွန်တော်တို့သွားနေတဲ့ ငြိမ်းချမ်းရေးရဲ့ အခြေခံတစ်ခုဖြစ်တယ်။ ကျွန်တော်တို့ လျှောက်ရမယ့် ခြေလှမ်းထဲကတစ်ခု။ ဒါအားလုံး ပြီးပြည့်စုံတာတော့ မဟုတ်ဘူး။ ဒါပေမယ့် အဲဒီအထဲကနေ အဖြေရှာသွားနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

 

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့မှ ပါဝင်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာရာတွင် တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်သည်။

 

MDN