ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်
ကျွန်တော်က လူငယ်တွေကို ချစ်တယ်၊ အားကိုးတယ်၊ ယုံကြည်တယ်၊ အခွင့်အရေးရတိုင်း သူတို့တစ်တွေနဲ့ ထိတွေ့ဆက်ဆံနိုင်အောင် ကြိုးစားတယ်။ ဒါကြောင့်လည်း အခုချိန်အထိ အခွင့်အရေးရတိုင်း စာသင်တယ်။ ဟောပြောပွဲတွေ လုပ်ဖြစ်တယ်။ ကိုဗစ်- ၁၉ ကာလ ခြောက်လအတွင်း အွန်လိုင်းကတစ်ဆင့် လုပ်ပေးခဲ့တယ်။ အရင်တုန်းကထက်ပိုပြီး ဆောင်ရွက်နိုင်ခဲ့တယ်။ အခုရော၊ အရင်ကရော ဟောပြောပွဲတွေမှာ လူငယ်တွေစိတ်ဝင်တစား တက်ကြတယ်။ လူကြီးတွေအနေနဲ့ အချိန်မရလို့ထင်ပါရဲ့။
ပြောင်းလဲမှုကိုဦးဆောင်တာ လူငယ်တွေ
အမှန်တော့ လူငယ်တွေဟာ တက်ကြွတယ်၊ ရဲရင့်တယ်၊ သတ္တိရှိကြတယ်။ မြန်မာ့လွတ်လပ်ရေးရဖို့ ရဲဘော်သုံးကျိပ်တွေရဲ့ ပျမ်းမျှအသက်ဟာ ၃၀ အောက်၊ သူတို့ရဲ့ဦးဆောင်မှုကြောင့် ကျွန်တော်တို့နိုင်ငံ ကျွန်ဘဝ က လွတ်မြောက်ခဲ့တာ ဖြစ်တယ်။ ခေတ်အဆက်ဆက် မှာ ပြုပြင်ပြောင်းလဲမှုကို ဦးဆောင်ကြသူတွေက လူငယ် တွေပဲ ဖြစ်တယ်။ တည်ဆဲအခြေအနေတစ်ခုကို အမြဲ စိန်ခေါ်ရဲတဲ့စိတ်ရှိတယ်။ လူငယ်တွေနဲ့ ပတ်သက်ပြီး လူကြီးတွေအနေနဲ့ အယူအဆ အမြင်တွေပြုပြင်ဖို့ လိုအပ်မှာဖြစ်တယ်။ တချို့က ကိုယ်ကိုယ်တိုင် လူငယ် ဖြစ်ခဲ့တာ မေ့နေဟန်တူကြတယ်။
လူငယ်တွေတွေ့ရင် လူကြီးတွေက ဆုံးမဩဝါဒ ပေးလိုတဲ့ စိတ်တွေက အလိုလိုပေါ်လာတယ်။ ကျွန်တော့် ကို တစ်ခါတလေ ဆုံးမဩဝါဒပေးပါလို့ ပြောလာရင် သိပ်အားနာမိတယ်။ ကိုယ့်စိတ်ထဲမှာ မလုံခြုံပါဘူး။ လူငယ်တွေကို ဆုံးမဖို့ဆိုတာထက် သူ့ကိုယ်သူ အဆုံး အဖြတ်ပေးတတ်တဲ့စိတ်ရှိအောင် ပြုစုပေးရမှာ၊ အားပေး ရမှာသာဖြစ်တယ်။ အမှန်တော့ ကိုယ်ပိုင်စဉ်းစားခွင့် ရှိရမယ်။ စဉ်းစားဆုံးဖြတ်တတ်အောင် အားပေးရမှာ ဖြစ်တယ်။ သွားလိုတဲ့ ဦးတည်ချက်ကို ဆုံးဖြတ်ပြီး လမ်းကြောင်းကို ကိုယ်ကိုယ်တိုင် ရွေးချယ်ရမှာသာ ဖြစ်တယ်။
လူကြီး၊ လူငယ်ထိတွေ့မှု အများဆုံးက မိသားစု အတွင်းဖြစ်တယ်။ တစ်ဖက်မှာလည်း ဆရာနဲ့ တပည့် ဆက်ဆံရေးမှာလည်း ဆုံရ၊ တွေ့ရ၊ လှုပ်ရှားရတာများ တယ်။ ဆရာ၊ တပည့်ဆက်ဆံရေးကိုလည်း ပြန်သုံး သပ်ဖို့ လိုအပ်တယ်။ ယဉ်ကျေးမှုအရ ဆရာ ဆရာမတွေ ကို မိဘနဲ့ တစ်ဂိုဏ်းတည်းထားပြီး ရိုသေလေးစားမှုပေး တာ အလွန်မြတ်နိုးစရာ ကောင်းလှတာ ဖြစ်တယ်။ လွန်ခဲ့တဲ့ ခြောက်နှစ်ကျော်ကာလက အမေရိကန်နိုင်ငံက စီးပွားရေးနိုဗယ်ဆုရှင် ပါမောက္ခစတီဂလစ် ရန်ကုန် စီးပွားရေးတက္ကသိုလ်မှာ ကျင်းပတဲ့ အာစရိယပူဇော်ပွဲ တက်ရောက်ခဲ့တယ်။ ဆရာ ဆရာမတွေကို ကျောင်းသား ကျောင်းသူတွေစုဝေးပြီး ထိုင်ကန်တော့ကြတော့ ဆရာကြီးက သူ့ဘဝမှာ ဒီလိုအတွေ့အကြုံ လုံးဝမရှိခဲ့ ကြောင်း မှတ်ချက်ပေးပြီး ချီးမွမ်းခဲ့တယ်။ ဒီဓလေ့ ထုံးစံတွေဟာ တန်ဖိုးထားစရာ၊ မြတ်နိုးစရာ၊ ကြည်နူး စရာ ဓလေ့ထုံးစံတွေ ဖြစ်တယ်။
ဆရာ ဆရာမဆိုတာ ပျိုးထောင်ပေးရမှာ
တစ်ဖက်မှာတော့ ဆရာ ဆရာမတွေရဲ့ တာဝန် ဝတ္တရားတွေဟာ သမားရိုးကျမဟုတ်တော့ဘဲ ခေတ်နဲ့ အညီ ဆောင်ရွက်ဖို့ လိုအပ်လာတာ တွေ့ရတယ်။ သင်ကြားမှု အရေးပါမှုထက် ကျောင်းသားနဲ့ ဆရာ အတူလက်တွဲပြီး ပညာရေးခရီးကို လျှောက်ရမှာ ဖြစ်တယ်။ အသိဉာဏ်တွေကို ဆရာ ဆရာမ တွေကသာ ပိုင်ဆိုင်တာ မဟုတ်တော့ဘဲ ပညာလိုချင် သူတိုင်း ရှာဖွေပြီး လက်လှမ်းမီနေတာကို လက်ခံရမယ်။ လူငယ်တိုင်းလိုလို လက်ထဲမှာ လက်ကိုင်ဖုန်းတွေ ကိုင်ထားကြတယ်။ ဒီလက်ကိုင်ဖုန်းကတစ်ဆင့် ကိုယ်သိချင်တာကို ချက်ချင်းရှာဖွေနိုင်တယ်။ ဆရာ ဆရာမတွေက တစ်ဆင့်သာရတဲ့ အနေအထား မဟုတ် တော့တာ တွေ့ရတယ်။ ကျွန်တော့်သမီးက အိမ်မှာ အလှမွေးဖို့ ငါးတွေ၊ လိပ်တွေ မွေးထားတယ်။ တစ်ခုခု ဖြစ်ရင် သူ့လက်ကိုင်ဖုန်းကတစ်ဆင့် ချက်ချင်းအဖြေရှာ ပြီး လိုအပ်တဲ့ပြုစုမှုတွေ လုပ်ပေးတယ်။ အခုခေတ်မှာ အသိပညာကို ကြိုက်တဲ့နေရာ၊ ကြိုက်တဲ့အချိန်မှာ၊ ကြိုက်တဲ့ပုံစံနဲ့ ရှာဖွေနိုင်တယ်။ ဒါကြောင့် ဆရာ ဆရာမ တွေအနေနဲ့ လိုချင်တဲ့အသိတွေကို ဘယ်နေရာမှာ ရှာဖွေ နိုင်ဖို့ လမ်းညွှန်မှုပေးနိုင်စွမ်းရှိရမှာ ဖြစ်တယ်။ သင်ရုံ သက်သက်မဟုတ်တော့ကြောင်း အင်တာနက်ကြောင့် ဆရာ ဆရာမတွေရဲ့ တာဝန်တွေအခြေခံက ပြောင်းလဲသွား တာတွေ့ရတယ်။ ပညာကို သိလိုတတ်လိုတဲ့စိတ်ကို ပြုစု ပျိုးထောင်ပြီး လမ်းညွှန်သွားရမှာသာ ဖြစ်ပါတယ်။
အရင်တစ်ပတ်က လူငယ်တွေအတွက် ကျွန်တော် အခုခေတ်မှာ ခေတ်စားလှတဲ့ Zoom နည်းပညာသုံးပြီး လူငယ်တွေအတွက် ဟောပြောပွဲလုပ်ပေးခဲ့တယ်။ ဇနီး လုပ်သူက ရန်ကုန် YWCA မှာ ဒုတိယဥက္ကဋ္ဌ တာဝန်ယူထား တယ်။ သူနဲ့အတူ ဒီအသင်းကြီးမှာ လူငယ်တွေနဲ့ ပတ်သက် တဲ့ စီမံချက် တာဝန်ခံဒေါက်တာ သက်သက်တင်က စီမံချက် မှာ တာဝန်ယူနေတဲ့ လူငယ်တွေအတွက် ဟောပြောပွဲ တစ်ရပ်လုပ်ပေးဖို့ ဇနီးကတစ်ဆင့် တောင်းခံလာခဲ့တယ်။ ကျွန်တော်က ကြည်ကြည်ဖြူဖြူနဲ့ လက်ခံသဘောတူ ခဲ့တယ်။ လူငယ်တွေနဲ့ ထိတွေ့ရမယ့် အခွင့်အရေးကို လက်မလွှတ်ဘဲ လုပ်ပေးချင်တယ်။ လုပ်ခွင့်ရတာကို ကျေးဇူးတင်မိတယ်။ ဒေါက်တာ သက်သက်တင်ကလည်း လူငယ်တွေအတွက် ခွန်အားရစေဖို့ “လှပတဲ့အနာဂတ် အတွက် ရည်မှန်းချက် ချမှတ်ဖော်ထုတ်ခြင်း” ခေါင်းစဉ်နဲ့ ဟောပြောပေးဖို့ မေတ္တာရပ်ခံခဲ့တယ်။ ကျွန်တော်က ဒီခေါင်းစဉ်ကို နှစ်သက်တယ်။ အခြေခံအချက်နှစ်ချက် ကြောင့်ဖြစ်တယ်။ ပထမအချက်ကတော့ လူငယ်တွေ အတွက် လှပတဲ့အနာဂတ်။ အမှန်တော့ ဒီအနာဂတ်ကို ဖော်ထုတ်ဖို့ လူကြီးတွေမှာ တာဝန်ရှိတယ်။ လူငယ်တွေ အတွက် အနာဂတ်ရှိရမယ်။ ရှိတဲ့ အနာဂတ်ဟာ လှပရမယ်၊ ပြည့်စုံရမယ်။ အနာဂတ်ဆိုတာ မျှော်လင့်ချက် ဖြစ်တယ်။ ဒုတိယအချက်ကတော့ ရည်မှန်းချက် ဖော်ထုတ်ချမှတ်ခြင်း ဖြစ်တယ်။ လူတိုင်းဟာ ဘဝရည်မှန်းချက်နဲ့ နေ့စဉ် အသက်ရှင်ဖို့ လိုအပ်ပါတယ်။
လိုချင်တဲ့ဘဝကို ရည်မှန်းချက်ချမှတ်ခြင်း
ကျွန်တော့်ရဲ့ တင်ပြချက်ကို အပိုင်းငါးပိုင်းခွဲပြီး တင်ပြ ဆွေးနွေးခဲ့ပါတယ်။ ပထမပိုင်းမှာ ရည်မှန်းချက်ဖော်ထုတ် သတ်မှတ်ခြင်း ဖြစ်ပါတယ်။ အမှန်တော့ ရည်မှန်းချက်တွေ ချမှတ်ခြင်းဟာ မမြင်နိုင်တဲ့အရာကို မြင်သာထင်ရှားအောင် ဆောင်ရွက်ခြင်းသာ ဖြစ်ပါတယ်။ ရည်မှန်းချက်ချမှတ်မှုဟာ မိမိလိုချင်တဲ့ အနာဂတ်ကို ရုပ်လုံးဖော်ခြင်းဖြစ်တယ်။ လူငယ်တွေအနေနဲ့ မိမိလိုချင်တဲ့ဘဝကို ရည်မှန်းချက်မဲ့ပြီး မလှုပ်ရှားသင့်ပါဘူး။ မိမိလိုချင်တဲ့ဘဝကို ပုံဖော်ရမယ်။ အရေးကြီးတဲ့အချက်က စိတ်ကူးယဉ်မှုဖြစ်တယ်။ မိမိ ဖြစ်ချင်တဲ့ ဘဝကို စိတ်ကူးယဉ် တွေးမြင်ရဖို့ လိုအပ်တယ်။ မနက်ဖြန်အတွက်၊ နောင်ငါးနှစ်၊ ၁၀ နှစ်အတွက် စဉ်းစား တတ်ဖို့လိုအပ်တယ်။ အရေးကြီးဆုံးအချက်က အသိပညာပဲ ဖြစ်တယ်။ ဒါကြောင့် လူငယ်တွေကို ကျွန်တော်က ပညာ သိပ်တတ်စေချင်တာ၊ ပညာလို့ ပြောရာမှာ အတန်းပညာ တစ်ခုတည်း မဟုတ်ဘဲ ဘဝပညာကိုလည်း ပြည့်စုံချင်လှ ပါတယ်။
အရေးကြီးတာက အနာဂတ်
ဒုတိယပိုင်းမှာ အနာဂတ်ရဲ့ဆွဲအားကို တင်ပြခဲ့ တယ်။ လူတွေဟာ အတိတ်ဘဝမှာနေပြီး ရှင်သန်နေကြ တယ်။ တစ်ချိန်က အကြောင်းတွေနဲ့ နစ်မွန်းနေတတ်ကြ တယ်။ တကယ်တော့ အတိတ်ဟာ ပြီးခဲ့တဲ့အရာတစ်ခုသာ ဖြစ်တယ်။ ပြုပြင်နိုင်မယ့် ကိစ္စမဟုတ်ပါဘူး။ အရေးကြီးတာ က အနာဂတ်ဖြစ်တယ်။ အနာဂတ်ဟာ အိပ်မက်တွေ၊ ရည်ရွယ်ချက်တွေ၊ ဦးတည်ချက်တွေနဲ့ တည်ဆောက်ရမှာ ဖြစ်တယ်။ အနှောင့်အယှက်တွေ၊ အတားအဆီးတွေကြားက မိမိလိုချင်တဲ့အနာဂတ်ကို ပုံဖော်ရမှာဖြစ်တယ်။ ရည်မှန်း ချက်တွေဟာ သံလိုက်နဲ့ သဏ္ဌာန်တူတယ်။ ဆွဲဆောင်မှု ရှိတယ်။ ရည်မှန်းချက် ကြီးမားလေလေ ဆွဲဆောင်မှု အင်အားများလေလေ ဖြစ်ပါတယ်။ အခက်အခဲတွေ၊ ပင်ပန်း မှုတွေ၊ အာရုံပျံ့နှံ့မှုတွေကို မြင့်မားတဲ့ ရည်မှန်းချက်တွေနဲ့ တားဆီးရမှာသာ ဖြစ်ပါတယ်။ ရည်မှန်းချက်တွေဟာ မိမိ ဖြစ်ချင်တဲ့ ရူပါရုံတွေဖြစ်တယ်။ ကိုယ်သွားလိုတဲ့ ခရီး၊ ကိုယ်ဖြစ်ချင်တဲ့အရာတွေ ဖြစ်တယ်။ ရည်မှန်းချက်တွေ ချမှတ်ပြီး မိမိရဲ့ဘဝကို ပြောင်းလဲရမှာသာ ဖြစ်တယ်။ အမှန်တော့ မိမိဘဝကို မိမိသာပိုင်ဆိုင်တာဖြစ်တယ်။ အနာဂတ်ဟာလည်း မိမိရဲ့အနာဂတ်သာ ဖြစ်ပါတယ်။ ရည်မှန်းချက်ချမှတ်တဲ့အခါ အားထည့်မှရနိုင်မယ့် ရည်မှန်း ချက်တွေဖော်ထုတ်ဖို့ လိုအပ်ပါတယ်။ လွယ်လွယ်ကူကူနဲ့ ရတဲ့ ရည်မှန်းချက်တွေဟာ မိမိဘဝအတွက် အားပေးနိုင်စွမ်း မရှိနိုင်တာ တွေ့ရပါတယ်။
တစ်ဖက်က ပစ္စုပ္ပန်ဘဝမှာလည်း ရှင်သန်
ရည်မှန်းချက်တွေဟာ မိမိကို အားပေးရမယ်။ ကိုယ်တိုင်ကလည်း ယုံကြည်မှု အပြည့်ရှိရမယ်။ လိုချင် တမ်းတတဲ့ ရည်မှန်းချက်ကိုရဖို့ ကြိုးစားအားထုတ်ရမှာ ဖြစ်တယ်။ မိမိဘဝနဲ့ပတ်သက်ပြီး ကာလရှည်အမြင် ရှိသလို တစ်ဖက်မှာလည်း ပစ္စုပ္ပန်ဘဝမှာ ရှင်သန်ဖို့ လိုအပ်ပါတယ်။ အနာဂတ်အတွက် အိပ်မက်တွေမက်ဖို့ လိုအပ်သလို လက်ရှိဘဝမှာလည်း လှုပ်ရှားသွားရမှာ ဖြစ်တယ်။
တတိယပိုင်းမှာ အင်အားပြည့်စုံစွာ ရည်မှန်းချက် တွေ ချမှတ်ဖို့ စဉ်းစားရမယ့် အချက်လေးချက်ကို တင်ပြ ပေးခဲ့တယ်။ ရည်မှန်းချက်တွေဟာ ဘဝရဲ့လမ်းပြမြေပုံ တွေဖြစ်ပြီး မိမိဘဝမှာ ဖြစ်နိုင်တာတွေကို ဖော်ထုတ်ခြင်း ဖြစ်ပါတယ်။ ပထမအချက်အနေနဲ့ မိမိရဲ့အခြေအနေကို ပြန်လည်သုံးသပ်ဖို့ လိုအပ်တယ်။ ကိုယ်ဖြစ်ချင်တဲ့ အနာဂတ်နဲ့ ကိုယ်ရှိနေတဲ့အခြေအနေတွေကို သုံးသပ် ဆင်ခြင်ဖို့ လိုအပ်ပါတယ်။ ဒုတိယအချက်က အိပ်မက် တွေဖြစ်တယ်။ အိပ်မက်ဟာ အတိတ်နဲ့မပတ်သက်ဘဲ အနာဂတ်မှာ ကိုယ်ဖြစ်ချင်တာတွေကို ဖော်ထုတ်တာ ဖြစ်တယ်။ အမှန်တော့ မိမိဘဝမှာ ကိုယ်လိုချင်တဲ့အရာ ကို ကြည်ကြည်လင်လင်ပြတ်ပြတ်သားသား သိရှိနိုင်ဖို့ လိုအပ်တယ်။ ဘေးပတ်ဝန်းကျင်ကပေးတဲ့ ဖိအားတွေ ကြောင့် မဟုတ်ဘဲ ရင်ထဲက ပေါ်ထွက်လာတဲ့ ဆန္ဒတွေ ကို အခြေခံရမှာဖြစ်တယ်။ တတိယအချက်ကတော့ ရည်မှန်းချက်ချမှတ်ရာမှာ ပေတံငါးခုနဲ့ တိုင်းတာဖို့ လိုအပ်ပါတယ်။ ပထမပေတံကတော့ ရည်မှန်းချက်ဟာ တိကျဖို့လိုအပ်တယ်။ ပြတ်သားရမယ်၊ တိကျရမှာ။ ဒုတိယပေတံက ရည်မှန်းချက်တွေဟာ တိုင်းတာနိုင်ဖို့ လိုအပ်တယ်။ တတိယပေတံကတော့ ဖြစ်နိုင်ခြေရှိတာ တွေကို သတ်မှတ်ရမှာ ဖြစ်တယ်။ စတုတ္ထပေတံက ပတ်သက်မှုရှိတာဖြတ်ဖို့ လိုအပ်ပြီး နောက်ဆုံးပေတံက တော့ အချိန်ကန့်သတ်ချက်အတွင်း ရအောင်ကြိုးစားရ မှာ ဖြစ်ပါတယ်။
စတုတ္ထအပိုင်းကတော့ တာဝန်ယူ၊ တာဝန်ခံမှု ဖြစ်တယ်။ မိမိရဲ့ဘဝမှာ ဖြောင့်မတ်တည်ကြည်မှုရှိဖို့ လိုအပ်ပြီး ရိုးသားဖြူစင်ရမှာ ဖြစ်ပါတယ်။
ကျွန်တော်က လူငယ်တွေကို ရိုးသားဖြူစင်ဖို့အမြဲ တိုက်တွန်းပေးခဲ့တယ်။ အမှန်ကိုချစ်တတ်ရမယ်။ ချစ်ရ မယ်၊ မတရားတာကို မုန်းရမယ်။ “အမှန်တရားသည် သင့်ကိုလွတ်လပ်စေတယ်”ဆိုတာကို မမေ့သင့်ပါဘူး။ ကျွန်တော်က လူငယ်တွေကို ရည်မှန်းချက်ချမှတ်ရာမှာ သုံးသပ်ဆင်ခြင်ဖို့ ဆက်လက်ပြီး တင်ပြခဲ့တယ်။ လူငယ် တွေမှာ စိတ်ငြိမ်တဲ့အချိန်တွေ သိပ်မရှိကြဘူး။ အားလုံး ဟာ ရုန်းကန်နေကြရတာ။ ပင်ပန်းနေကြတယ်၊ အလုပ် တွေ များနေကြတယ်။ ဒါကြောင့် စဉ်းစားတဲ့အချိန် မရှိကြဘူး။ စဉ်းစားတဲ့အချိန်တွေကို ရှာဖွေဖို့ လိုအပ် တယ်။ ရှာပြီး မိမိဖြစ်ချင်တဲ့၊ ရောက်လိုတဲ့ဘဝကို ရည်ရွယ်ချက်၊ ယုံကြည်မှုအပြည့်နဲ့ လျှောက်ရမှာ ဖြစ်ပါ တယ်။
ကိုယ့်ကိုယ်ကိုယ် နားထောင်တတ်ဖို့လိုအပ်
နောက်ဆုံးအပိုင်းမှာ အိပ်မက်တွေအကြောင်းကို နိဂုံးအပိုင်းမှာ ဆွေးနွေးခဲ့ပါတယ်။ လူသားတွေဟာ လှပ တဲ့ အိပ်မက်တွေမက်ပြီး ဒီအိပ်မက်တွေအတိုင်း ဖြစ်ချင် တဲ့ဆန္ဒတွေ ရှိကြတယ်။ ဒါကြောင့် ကျွန်တော်က လူငယ် တွေကို မိမိရင်ထဲမှာ ကိန်းဝပ်နေတဲ့အိပ်မက်တွေကို သိစေချင်တယ်။ အမှန်တော့ ကိုယ့်ကိုယ်ကိုယ် နားထောင်ရမှာ ဖြစ်တယ်။ ရင်ထဲမှာရှိတဲ့အသိတွေ၊ အမြင်တွေ၊ အတွေးတွေကိုသိအောင် နားထောင်ဖို့ လိုအပ်လှပါတယ်။
ရည်မှန်းချက်အိပ်မက်တွေက လူငယ်တွေအတွက် မရှိမဖြစ်တဲ့အရာတွေ ဖြစ်ပါတယ်။ ဖြစ်ချင်တဲ့ ဆန္ဒတွေ ဟာ လောဘမဟုတ်ကြောင်း သတိပြုရမယ်။ ဝိသမ လောဘမဟုတ်ဘဲ သမလောဘဖြစ်တယ်။ လူငယ်တွေ ဟာ ကိုယ့်အတွက် မဟုတ်ဘဲ အများအတွက် အသက်ရှင် ရမယ်၊ အလုပ်အကျွေးပြုရမယ်။ အများအတွက် ဆောင်ရွက်ခြင်းဟာ ဘဝတန်ဖိုးသာ ဖြစ်ပါတယ်။ ။
မြန်မာ့အလင်း