ကျွန်တော်နဲ့ ခေါင်းဆောင်မှုနဲ့ စီမံမှု

 

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်
ကျွန်တော်ဟာ စီမံခန့်ခွဲမှုပညာကို အထူးပြုခဲ့သူတစ်ဦး။ ပါရဂူဘွဲ့ကို စီမံခန့်ခွဲမှုသိပ္ပံပညာနဲ့ ရခဲ့တယ်။ စီးပွားရေးတက္ကသိုလ်မှာ ဆရာအဖြစ် တာဝန်ယူစဉ်ကလည်း ဒီဘာသာကိုပဲ သင်ကြားပို့ချခဲ့တယ်။ ဒါပေမယ့် ကျွန်တော် ကုလသမဂ္ဂအဖွဲ့အစည်းမှာ တာဝန်ယူစဉ်ကစပြီး ခေါင်းဆောင်မှုပညာကို လေ့လာခွင့်ရခဲ့တယ်။ သင်ကြားပို့ချခဲ့ရတယ်။ အရာရှိကြီးတွေ ကို သင်ခွင့်ရခဲ့တယ်။ စီမံခန့်ခွဲမှုအခြေခံနဲ့ခေါင်းဆောင်မှုကို အခုလို လေ့လာရတာမို့ အသိအမြင်တွေ တိုးမြင့်ခဲ့တယ်။
စီမံမှုနဲ့ ဦးဆောင်မှုဟာ ဒင်္ဂါးတစ်ခုရဲ့ ခေါင်းနဲ့ ပန်း သာဖြစ်တယ်။ စီမံပြီး ဦးဆောင်မှုမရှိရင် အဆင်မပြေ သလို ဦးဆောင်ပြီးမစီမံရင် မပြေလည်တာတွေ့ရတယ်။ ဒါကြောင့် တစ်ပြိုင်နက်တည်းစီမံပြီး ဦးစီးဖို့ လိုအပ်လှ ပါတယ်။ စီမံမှုနဲ့ အုပ်ချုပ်မှုကို ခွဲခြားဖို့လည်း လိုအပ်ပါ တယ်။
ခေါင်းဆောင်မှုကို စဉ်းစားရင် သမိုင်းရာဇဝင်မှာ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေကို သတိရကြတယ်။ အားကျကြ တယ်။မြင်းဖြူကြီးကိုစီးပြီး ဓားကိုစွဲထားတဲ့ ခေါင်း‌ဆောင် ကို မြင်ကြတယ်။ ဒီအယူအဆဟာ အရိုးစွဲနေတယ်။ လွယ်လွယ်ကူကူဖျက်ဖို့ ခက်ခဲတယ်။
ခေါင်းဆောင်တဲ့ ပုံစံဟန်အမျိုးမျိုး
အခုခေတ်မှာ ခေတ်စားလာတဲ့အတွေးတစ်ခုက အစေခံတဲ့ခေါင်းဆောင်မှု၊ ရုတ်တရက်ဆိုရင် အစေခံနဲ့ ခေါင်းဆောင်ဟာ ဆန့်ကျင်ဘက်လို့ ယူဆမှာဖြစ်တယ်။ အမှန်တော့ ထိရောက်တဲ့ခေါင်းဆောင်ဟာ အစေခံတဲ့ သူဖြစ်ရမယ်။ မိမိကိုယ်မိမိ နှိမ့်ချနိုင်သူဖြစ်ရမယ်။ ခေါင်းဆောင်တစ်ဦးရဲ့တာဝန်ဟာ မိမိနဲ့ပတ်သက်နေသူ တွေကို အလုပ်အကျွေးပြုရမယ်၊ စောင့်ရှောက်ရမယ် အစေခံဖို့လိုအပ်တယ်။ ကျွန်တော်တို့မှာ အစေခံခြင်းကို အောက်ကျတယ်လို့မြင်တယ်။ အစေခံဖြစ်တဲ့ ခေါင်းဆောင် တွေဟာ ကျွန်တွေဖြစ်တယ်။ ကျွန်လိုတွေးတဲ့၊ ပြောတဲ့၊ လုပ်တဲ့ ခေါင်းဆောင်တွေဖြစ်ရမယ်။ ခေါင်းဆောင်တဲ့သူ တွေဟာ ကျွန်တွေဖြစ်ရင် သခင်တွေက ဘယ်သူလဲ။ သခင်တွေက ဝန်ထမ်းတွေ၊ ဖောက်သည်တွေ၊ စားသုံးသူ တွေ၊ ပြည်သူတွေဖြစ်တယ်။ အစေခံချင်တဲ့စိတ်ကို မွေးရ မယ်။ ပြုစုရမယ်။ လေ့ကျင့်ဖို့လိုအပ်ပါတယ်။ ခေါင်း ဆောင်မှုနဲ့ပတ်သက်ရင် ခေါင်းဆောင်တဲ့ ပုံစံ ဟန်အမူ အရာ အမျိုးမျိုးရှိတာ တွေ့ရတယ်။ အာဏာရှင်ဆန်တဲ့ ခေါင်းဆောင်တွေ၊ အမိန့်အာဏာကိုသုံးပြီး စီမံကြတယ်၊ အများနားလည်တဲ့ Boss တွေဖြစ်ကြတယ်။ နားထောင်မှု အားနည်းတယ်။ ဆွေးနွေးတိုင်ပင်မှုမရှိဘဲ ကိုယ့်သဘော နဲ့ကိုယ် ဆုံးဖြတ်ကြတယ်။ တချို့ခေါင်းဆောင်တွေက ဗျူရိုကရေစီအုပ်ချုပ်မှုယန္တရားကို အားကိုးပြီးစီမံကြ တယ်၊ လုပ်ထုံးလုပ်နည်းတွေကို အခြေခံပြီးလှုပ်ရှားကြ တယ်။ စာအုပ်ကြီးအတိုင်း လုပ်ဆောင်ကြတယ်။ အတိတ်သမိုင်းကို အမြင်အာရုံပြုကြတာတွေ့ရတယ်။ တချို့ခေါင်းဆောင်တွေက အလုပ်‌ပေါ်မှာ အာရုံမရှိဘဲ လွှတ်ထားတယ်။ လုပ်ချင်တာကို လုပ်ခွင့်ပေးကြတယ်။ နားအေးပါးအေး နေကြတယ်။
တချို့ကတော့ ဒီမိုကရေစီကျင့်စဉ်တွေသုံးပြီး ဦးဆောင်ကြတယ်။ တိုင်ပင်ဆွေးနွေးပြီး ညှိနှိုင်းဆောင် ရွက်ကြတယ်။ အများရဲ့ သဘောတွေကို ကြိုဆိုကြတယ်။
ခေါင်းဆောင်မှုကို စဉ်းစားရာမှာ နောက်လိုက်မှုနဲ့ ပတ်သက်ပြီး သိဖို့လိုအပ်တယ်။ ခေါင်းဆောင်တွေ ထိရောက်ဖို့ လိုအပ်သလို နောက်လိုက်တွေလည်း အရည်အချင်းရှိရမယ်။ နောက်လိုက်တွေ အရည်အချင်း မရှိရင် ခေါင်းဆောင်တွေအတွက်လည်း အနှောင့် အယှက်ဖြစ်နိုင်တယ်။ နောက်လိုက်ကောင်းတွေဟာ စဉ်းစားတွေးခေါ်ကြသလို တစ်ဖက်ကလည်း အလုပ် လုပ်ဖို့ လိုအပ်တယ်။ တာဝန်ကျေပွန်ရမယ်။ အခုတော့ တချို့နောက်လိုက်တွေဟာ မစဉ်းစားသလို အလုပ် မလုပ်ကြတာတွေ့ရတယ်။ တချို့ကျတော့ စဉ်းစားပေ မယ့် မလုပ်ကြသလို တချို့ကျပြန်တော့ မစဉ်းစားဘဲ လုပ်ကြ သူတွေရှိကြတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ဒီလိုနောက်လိုက်တွေများနေတာ တွေ့ရတယ်။ ခိုင်းသမျှ ကို မျက်စိမှိတ်ပြီး ခေါင်းညိတ်ကြတယ်။ မစဉ်းစားမဆင် ခြင်ဘဲ လုပ်ကြတယ်။ “မှန်ပါ့ဘုရား” ဆိုတဲ့သဘော။ နေရာ တိုင်းလိုလို၊ အဖွဲ့အစည်းတိုင်းလိုလိုမှာ ဒီနောက်လိုက်တွေ များနေတာတွေ့ရတယ်။ ဒါကြောင့်လည်း ခေါင်းဆောင် တွေမှာ အခက်တွေ့တာ။ လိုအပ်တဲ့ အကြံဉာဏ်တွေ၊ ဆွေးနွေးမှုတွေမရဘဲ ပြောသမျှကို လွယ်လွယ်ကူကူနဲ့ နာခံကြတာမို့ ပြဿနာတွေကို မဖြေရှင်းနိုင်တာ တွေ့ရ တယ်။ ခေါင်းဆောင်လုပ်သူအနေနဲ့က နောက်လိုက်တွေ စဉ်းစားအောင်၊ ပြောတတ်အောင် အခြေအနေတွေ ဖန်တီး ပေးဖို့ လိုအပ်တယ်။ အလေ့အကျင့်လုပ်ပေးဖို့ လိုအပ်တယ်။ စဉ်းစားတတ်တဲ့၊ ဆင်ခြင်တတ်တဲ့၊ ဆန်းစစ်တတ်တဲ့ အကျင့်ကိုမွေးဖို့ အရေးကြီးလှတယ်။ စဉ်းစားတွေးခေါ်မှုနဲ့ ပတ်သက်လာရင် စိစစ်ဆန်းစစ်နိုင်တဲ့ သတ္တိ (Critical Thinking) နဲ့ တီထွင်ကြံဆနိုင်တဲ့သတ္တိ (Creative Thinking) ရှိဖို့ လိုအပ်ပါတယ်။
ခေါင်းဆောင်မှုနဲ့ခေါင်းဆောင်ကို ခွဲခြားဖို့လိုအပ်တယ်။ အဖွဲ့အစည်းတစ်ခု နိုင်ငံတစ်နိုင်ငံမှာ ခေါင်းဆောင်တစ်ဦး တည်းရှိနိုင်မှာ ဖြစ်တယ်။ ဒါပေမယ့် အဖွဲ့အစည်းမှာရှိတဲ့ သူတိုင်း၊ နိုင်ငံမှာရှိတဲ့ နိုင်ငံသားအားလုံးဟာ ခေါင်းဆောင် မှုပေးနိုင်ဖို့ လိုအပ်တယ်။ ကိုယ့်နေရာနဲ့ကိုယ် ဦးဆောင် နိုင်ဖို့ အရေးကြီးလှတယ်။ ခေါင်းဆောင်မှုဟာ ရာထူးမဟုတ် ဘဲ အလုပ်ဖြစ်တယ်ဆိုတာ လက်ခံရမှာဖြစ်တယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ အားငယ်စရာမလိုပါဘူး။ လူတိုင်းမှာ ဦးဆောင်နိုင်တဲ့၊ ခေါင်းဆောင်နိုင်တဲ့ အရည်အသွေးရှိကြ တယ်။
ခေါင်းဆောင်မှု အရည်အချင်းပျိုးထောင်
ခေါင်းဆောင်မှုနဲ့ပတ်သက်လာရင် အခြေခံမေးခွန်း တစ်ခုက ခေါင်းဆောင်မှုဟာ မွေးရာပါအရည်အချင်းဟုတ် မဟုတ်။ တစ်ချိန်တုန်းက ခေါင်းဆောင်မှုအရည်အချင်း တွေဟာ မွေးကတည်းကပါတယ်လို့ ယူဆခဲ့ကြတယ်။ သူများမှာမရှိတဲ့ အရည်အချင်းတွေရှိတယ်လို့ မြင်ခဲ့ကြ တယ်။ အခုခေတ်မှာ ဒီအယူအဆကို လက်မခံတော့ဘဲ ပြုစုလို့ရတယ်၊ ပျိုးထောင်လို့ရတယ်။ သင်ပေးရတယ်လို့ ယုံကြည်ကြတယ်။ ဒါကြောင့်လည်း ကျွန်တော်ဟာ ခေါင်းဆောင်မှုသင်တန်းတွေ လုပ်နေတာဖြစ်တယ်။ သင်ယူ ခံယူရတာကို လက်ခံကြတာ။ ခေါင်းဆောင်မှု၊ ဖွံ့ဖြိုးမှုအလေ့ အကျင့်တွေ လုပ်ပေးနိုင်တယ်။ ခေါင်းဆောင်မှုနဲ့ စီမံမှုဟာ ဒွန်တွဲနေတယ်။ ခေါင်းဆောင်မှုပေးရင် စီမံဖို့လိုအပ်သလို စီမံတဲ့အခါမှာလည်း ဦးဆောင်ဖို့ လိုအပ်တယ်။ စီမံခန့်ခွဲ မှုဟာ ပေးအပ်တဲ့တာဝန်တွေကို ကျေကျေပွန်ပွန်သပ်သပ် ရပ်ရပ် ဆောင်ရွက်တာဖြစ်ပြီး ခေါင်းဆောင်မှုက ပေးအပ်တဲ့ တာဝန်ကို လုပ်သင့် မလုပ်သင့်ကို စဉ်းစားဆုံးဖြတ်ခြင်း ဖြစ်တယ်။ ရုတ်တရက်ကြည့်ရင် ခေါင်းဆောင်မှုဟာ မြင့်မား ပြီး ဦးဆောင်မှုဟာ နိမ့်တယ်လို့ မြင်ကြတယ်။ အမှန်တော့ နှစ်ခုစလုံးဟာ အရေးပါတယ်၊ အရေးကြီးတာဖြစ်တယ်။
မိမိပညာအပေါ် အခြေခံပြီး လုပ်ရဲတဲ့သတ္တိ
ခေါင်းဆောင်မှုနဲ့ပတ်သက်လာရင် အဆင့်ငါးဆင့်ရှိ တာ တွေ့ရပါတယ်။ ပထမအခြေခံအဆင့် ထူးချွန်တဲ့ အရည် အချင်းရှိသူဖြစ်ဖို့ လိုအပ်တယ်။ ဒီအဆင့်မှာ လိုအပ်တဲ့အသိ၊ အတတ်နဲ့အကျင့်တွေရှိဖို့ လိုအပ်ပါတယ်။ ဒုတိယအဆင့်မှာ အများနဲ့ပူးပေါင်းဆောင်ရွက်နိုင်စွမ်းရှိရမှာ ဖြစ်ပါတယ်။ တတိယအဆင့်မှာတော့ ကျွမ်းကျင်တဲ့မန်နေဂျာအဆင့် ဖြစ်ပါတယ်။ စတုတ္ထအဆင့်ကတော့ ထိရောက်တဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာတယ်။ နောက်ဆုံးအဆင့် ကတော့ ပြောင်မြောက်တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခြင်းဖြစ် တယ်။ ဒီပုဂ္ဂိုလ်ဟာ တစ်ဖက်က နှိမ့်ချတဲ့စိတ်ရှိသလို တစ်ဖက်မှာလည်း မိမိပညာအပေါ် အခြေခံပြီး လုပ်ရဲတဲ့ သတ္တိရှိခြင်း ဖြစ်ပါတယ်။
ခေါင်းဆောင်တစ်ဦးရဲ့ အာရုံဟာ အခြေခံနှစ်ချက်ပေါ်မှာ စိုက်ထုတ်ရမှာဖြစ်တယ်။ ပထမအချက်ကတော့ အလုပ်ဖြစ် ပြီး ဒုတိယအချက်ကတော့ လူဖြစ်ပါတယ်။ လူလို့ပြောရင် မိမိရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ရည်ညွှန်းပါတယ်။ တချို့ သော ခေါင်းဆောင်တွေဟာ အလုပ်ပေါ်မှာ ဦးစားပေး စဉ်းစားကြသလို တချို့ကတော့ လူတွေအပေါ်အာရုံပြုကြပါ တယ်။ အမှန်တော့ ခေါင်းဆောင်ကောင်းတစ်ဦးဟာ လူရော၊ အလုပ်ရော အာရုံပြုရမှာ ဖြစ်ပါတယ်။
တစ်နေ့က B2B စီးပွားရေးစကားဝိုင်းတစ်ခုကို လုပ်ခဲ့ တယ်။ ခေါင်းစဉ်ကတော့ “အခြေအနေအပေါ် အခြေခံတဲ့ ခေါင်းဆောင်မှု” ခေါင်းဆောင်ခြင်းကို အလွယ်ဆုံးအဓိပ္ပာယ် ဖွင့်ဆိုရင် ဩဇာရှိမှုလို့သုံးသပ်ရပါတယ်။ အမှန်တော့ ဩဇာ နဲ့အာဏာ မတူပါဘူး။ ခေါင်းဆောင်အစစ်တစ်ဦးမှာ အာဏာရှိစရာမလိုဘဲ ဩဇာရှိဖို့သာ လိုအပ်ပါတယ်။ မိမိမှာ ရှိတဲ့ ဩဇာနဲ့ နောက်လိုက်တွေရဲ့ အပြုအမူတွေကို လွှမ်းမိုး ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဩဇာနဲ့ပတ်သက်ပြီး ခေါင်းဆောင်တစ်ဦးဟာ အပြုအမူလေးရပ်ကို ကျင့်သုံး နိုင်ပါတယ်။ တချို့အခြေအနေမှာ ခေါင်းဆောင်လုပ်သူဟာ “ပြော”ရတာရှိပါတယ်။ ညွှန်ကြားရမှာဖြစ်တယ်။ တချို့ အခြေအနေမှာတော့ ခေါင်းဆောင်လုပ်သူက ကိုယ်ဖြစ် ချင်တဲ့ အခြေအနေဖြစ်လာအောင် “ရောင်း” ရတာ ဖြစ်ပါ တယ်။ ရောင်းတယ်လို့ ပြောတဲ့နေရာမှာ စိတ်ဝင်စား အောင်ပြောတတ်ဖို့ လိုအပ်တယ်။ မိမိပေးတဲ့အကြံဉာဏ် တွေကို ဝယ်ချင်လာအောင် ကြိုးစားရမှာဖြစ်တယ်။ တတိယအပြုအမူကတော့ “တာဝန်ခွဲဝေမှု” ဖြစ်တယ်။ အစအဆုံး ကိုယ်ကိုယ်တိုင်မဆောင်ရွက်ဘဲ ယုံယုံ ကြည်ကြည်နဲ့ တာဝန်ခွဲဝေပေးခြင်း ဖြစ်ပါတယ်။ နောက်ဆုံးအပြုအမူကတော့ အတူတကွ ပါဝင်ပတ်သက် လာအောင် ကြိုးစားခြင်းဖြစ်ပါတယ်။ ဒီအပြုအမူလေးရပ် ကို တချို့က ညွှန်ကြားခြင်း၊ နည်းပြခြင်း၊ ကူညီခြင်းနဲ့ တာဝန်ခွဲဝေပေးခြင်းလို့ ဖော်ပြနိုင်ပါတယ်။
ဒီစကားဝိုင်းမှာ ပရိသတ်တွေအများကြီး တက်ရောက် လာတာတွေ့ရတယ်။ ကျွန်တော့်ရဲ့ ဟောပြောပွဲတွေမှာ တက်ရောက်သူတွေ အများစုက လူငယ်တွေဖြစ်တယ်။ သိချင်တဲ့၊ တတ်ချင်တဲ့သူတွေက စနေ၊ တနင်္ဂနွေ မိမိ ကိုယ်ပိုင်အချိန်တွေကိုဖဲ့ပြီး အခုလို တက်ရောက်လာကြ တာ။ သူတို့ကို ကျေးဇူးတင်ရတယ်။ ပရိသတ်တွေများ တော့ ကျွန်တော့်အနေနဲ့လုပ်ပေးရတာ အားရမှုရှိတယ်။ ကျေနပ်ရပါတယ်။ ထူးခြားလာတဲ့ပြောင်းလဲမှုတစ်ခုကတော့ ကျွန်တော့်ရဲ့ ဟောပြောချက်တွေကို တိုက်ရိုက် ထုတ်လွှင့်နိုင်တဲ့ တိုးတက်မှုပဲ ဖြစ်ပါတယ်။ ဆွေးနွေးတဲ့ အကြောင်းအရာတွေကို ပွဲတက်သူတွေသာမက ပွဲမတက် နိုင်သူတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနိုင်မှုရှိခြင်း ဖြစ်ပါတယ်။ ယခုခေတ် လူငယ်တွေမှာ ပညာရယူနိုင်တဲ့ အခွင့်အရေးတွေ အများကြီးရှိလာပါတယ်။ ဒီအခွင့်အရေး တွေကို ယူနိုင်ဖို့ပဲလိုအပ်တယ်။ မိမိရဲ့အချိန်ကို အကျိုးရှိရှိ အသုံးချစေချင်လှပါတယ်။
အခြေခံအတတ်လေးရပ်ရှိဖို့လို
ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး ဟောပြောပွဲတွေ တက်တဲ့ လူငယ်တွေ ခေါင်းဆောင်မှုကို စိတ်ဝင်စား ကြတာ တွေ့ရလို့ ကျေနပ်မိတယ်။ အမှန်တော့ စောစောက ကျွန်တော်တင်ပြခဲ့သလို လူငယ်တွေဟာ သူ့နေရာနဲ့သူ ခေါင်းဆောင်မှုပေးနေကြသူတွေ ဖြစ်ပါ တယ်။ ရာထူး ရှိစရာ မလိုပါဘူး။ ဘယ်နေရာမှာဖြစ်ဖြစ် ခေါင်းဆောင်နိုင်မှာဖြစ်ပါတယ်။ အခြေခံအတတ် လေးရပ် ရှိဖို့သာ လိုအပ်ပါတယ်။ ပထမကတော့ စောစောက တင်ပြခဲ့တဲ့ ဩဇာလွှမ်းမိုးမှု။ ဩဇာလို့ပြောရင် ဆွဲဆောင် နိုင်မှုဖြစ်ပါတယ်။ ဒုတိယက ကိုယ့်အကြောင်း ကိုယ်သိခြင်းဖြစ်တယ်။ ကိုယ့်ရဲ့အပြုအမူတွေကြောင့် လိုချင်တဲ့ရလဒ်တွေပဲ ဖြစ်ပါတယ်။ တတိယကတော့ ဆက်သွယ်ဆက်ဆံမှုဖြစ်ပြီး နောက်ဆုံးကတော့ သင်ယူ ခံယူနိုင်တဲ့ အရည်အချင်း ဖြစ်ပါတယ်။
ခေါင်းဆောင်တဲ့နေရာမှာ ဖြစ်စေ၊ စီမံတဲ့နေရာမှာဖြစ် စေ မရှိမဖြစ်လိုအပ်ချက်ကတော့ အီးကျူ(EQ)ပဲ ဖြစ်ပါ တယ်။ ကိုယ်ရည်ထက်မြက်ရုံမက ကိုယ်ချင်းစာတရား ရှိဖို့လိုအပ်တယ်။ ကျွန်တော်လည်း အခွင့်အရေးရတိုင်း အီးကျူအကြောင်း ပြောခဲ့တယ်၊ ရေးခဲ့တယ်၊ မျှဝေပေးခဲ့ တယ်။ ကျွန်တော်တို့ ယခုအချိန်မှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေရဲ့အခြေအမြစ်က အီးကျူအားနည်းလို့ဖြစ် တယ်။ တစ်ဦးနဲ့တစ်ဦး နားလည်မှုအားနည်းနေကြတယ်။ ယုံကြည်မှုအားနည်းနေကြတယ်။ ဒါကြောင့် အီးကျူနဲ့ ပတ်သက်လာရင် အောက်စ်ဖို့ဒ်ဆရာတော်ကြီး ဟောကြား ခဲ့သလို သနားကြင်နာခြင်း၊ ကိုယ်ချင်းစာခြင်းနဲ့ ကရုဏာ ထားခြင်းတို့ဖြစ်တယ်။ ခေါင်းဆောင်တွေ၊ စီမံတဲ့သူတွေ ဟာ ဒီအရည်အချင်းသုံးရပ်နဲ့ ပြည့်စုံရမှာသာဖြစ်တယ်။ ခေါင်းဆောင်မှုနဲ့စီမံမှုဟာ ဖြစ်ရပ်မဟုတ်ဘဲ ဖြစ်စဉ် ဖြစ်ပါတယ်။ ရောက်တာမရှိဘဲ လျှောက်တာပဲရှိပါတယ်။ ဒါကြောင့် လူတိုင်းစီမံမှု၊ ခေါင်းဆောင်မှု ခရီးရှည်ကြီးကို ပညာနဲ့ယှဉ်တွဲပြီး လျှောက်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက် ရပါတယ်။ ။

မြန်မာ့အလင်း