ကျွန်တော်နဲ့ ခြေလျင်တောင်တက်

၇   ဇန်နဝါရီ

 

တစ်နေ့က ကျွန်တော် တက္ကသိုလ်ဓမ္မာရုံကို ရောက်ခဲ့တယ်။ တစ်ပတ်ကျော်ကျော်က အိမ်ကိုဖိတ်စာရခဲ့တယ်။ တက္ကသိုလ်များ ခြေလျင်တောင်တက်အသင်းနာယကများ ကန်တော့ပွဲ အခမ်းအနားတက်ဖို့။ မနှစ်က မတက်ဖြစ်တာမို့ ဒီနှစ်တော့ ရောက်အောင်သွားမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ အမှန်တော့ တစ်ရက်တည်း ပွဲသုံးခုရှိနေတာမို့ အတော်စဉ်းစားရတာ။ ဖိတ်စာလာပို့သူက ကိုကျော်နိုင်။ သူက Voice ဂျာနယ်က၊ ရင်းနှီးခဲ့တာက ကြာမြင့်လှပြီ။ အင်းလျားလမ်းမှာနေတုန်း သူကအိမ်လာပြီး တစ်ပတ်တစ်ခါဆောင်းပါးလာကောက်တာ၊ သူ့ကျေးဇူးကြောင့် ဆောင်းပါး တစ်ပတ်တစ်ခါ ရေးဖြစ်တယ်။ နောက်ပိုင်းမှာတော့ အလာကျဲသွားတယ်။ ဒါပေမယ့် အဆက်အသွယ် အမြဲရှိနေတာ။ ဝါသနာတူနေတာက ခြေလျင်တောင်တက်။

 

လှုပ်ရှားမှုသုံးခု

 

အမှန်တော့ ခြေလျင်တောင်တက်နဲ့ ပတ်သက်လာတာက လွန်ခဲ့တဲ့ အနှစ် ၅၀ နီးပါး။ ဒီတုန်းက စီးပွားရေးတက္ကသိုလ် ဝါဏ္ဏိဇဗေဒဌာနမှာ နည်းပြဆရာ။ ကျွန်တော့်ရဲ့ဆရာက ဆရာ ဦးခင်မောင်ကြွယ်၊ သူက ဇွဲကပင်အဆောင်မှူး၊ ကျွန်တော်ဆရာဖြစ်လာတော့ သူတာဝန်ယူထားတဲ့ ခြေလျင်တောင်တက်အသင်းကို လက်လွှဲယူဖို့ ပြောလာတယ်။ ဆရာဟာ ကင်းထောက်တစ်ဦး ဖြစ်ခဲ့တယ်။ ကျွန်တော်ကလည်း ကျောင်းတုန်းက ကင်းထောက်လုလင်ဖြစ်ခဲ့တော့ အတော်ဖြစ်သွားတယ်။ ဒီတုန်းက ခြေလျင်တောင်တက်အသင်းမှာ လှုပ်ရှားမှုသုံးခုရှိတယ်။

 

တောင်တက်ခြင်း

 

တောင်တက်ခြင်း - တောင်တက်တယ်လို့ ပြောပေမယ့် တိုင်းပြည်က မငြိမ်မသက်ဖြစ်နေတာမို့ အမှန်တော့ တောင်စစ်စစ်ကို မရောက်နိုင်ဘူး။ ကလောမှာရှိတဲ့ ဆင်တောင်တောင်ကြီးမြို့အနီးရှိတဲ့တောင်၊ ကျိုက်ထီးရိုး၊ ဇွဲကပင်။ ဒီလောက်ပဲ စဉ်းစားနိုင်တာ။ ချင်းပြည်နယ်က ဝိတိုရိယတောင်က ကျွန်တော်တက်နိုင်ခဲ့တဲ့ အမြင့်ဆုံးတောင်။ အမှန်တော့ တောင်တက်တာထက် ခရီးကြမ်းထွက်တဲ့အသင်းဆိုရင် ပိုပြီးမှန်မှာ။ ကျွန်တော်တို့ရဲ့အသင်းတံဆိပ်မှာ နှင်းတောင်တွေ ထည့်ထားပေမယ့် ဒါတွေဟာ ကျွန်တော်တို့အတွက် အိပ်မက်သာဖြစ်တာ။

 

လမ်းလျှောက်ပြိုင်ပွဲ

 

ဒုတိယလှုပ်ရှားမှုက လမ်းလျှောက်ပြိုင်ပွဲ။ ဒီတုန်းက တက္ကသိုလ်ပေါင်းစုံ လမ်းလျှောက်ပြိုင်ပွဲတွေကို နှစ်စဉ် ကျင်းပခဲ့တယ်။ စီးပွားရေးတက္ကသိုလ်ရဲ့ အဓိကပြိုင်ဘက်က ပညာရေးတက္ကသိုလ်ဖြစ်တယ်။ လမ်းလျှောက်ပြိုင်ပွဲတွေက ကီလိုမီတာ၂၀၊ ၄၀။ ရန်ကုန်-မင်္ဂလာဒုံ အသွားအပြန်။ အခုလို လမ်းလျှောက်ပြိုင်ပွဲမှာ အဓိကပြဿနာက လမ်းလျှောက်တာနဲ့ ပြေးတာနဲ့ ခွဲခြားမှု ဆုံးဖြတ်ပေးတာက ဒိုင်တွေ။ ဒိုင်တွေကို လမ်းတစ်လျှောက်မှာ နေရာချထားတယ်။ ပန်းဝင်တိုင်း နိုင်တယ်လို့ မပြောနိုင်ဘူး။ ဒိုင်တွေရဲ့မှတ်ချက်တွေရမှ အရှုံးအနိုင်ကို ဆုံးဖြတ်နိုင်တာ။ ဒိုင်သုံးဦးက ပြေးတယ်လို့ ယူဆရင် အပယ်ခံ ရတယ်။ ပြေးတာနဲ့ လမ်းလျှောက်တာကို ခွဲခြားတာက ခြေတစ်ဖက်ဟာ အမြဲမြေပြင်နဲ့ ထိနေရမယ်။ နှစ်ဖက်လုံးမြေကြီးနဲ့ ကွာနေရင် ပြေးတယ်လို့ သတ်မှတ်တယ်။ ဒါကြောင့် ပန်းဝင်ချိန်မှာ နှလုံးခုန်ကတော့ အရှုံးအနိုင်ကိုသိဖို့ ရင်တမမ စောင့်ရတာ။ ကျွန်တော်မှတ်မိသလောက် လမ်းလျှောက်ပြိုင်ပွဲတွေမှာ စီးပွားရေးတက္ကသိုလ်က အမြဲအနိုင်ရခဲ့တာ။

 

စုပေါင်းလမ်းလျှောက်ခြင်း

 

တတိယလှုပ်ရှားမှုက စုပေါင်းလမ်းလျှောက်ခြင်း ဖြစ်တယ်။ တနင်္ဂနွေမနက်တိုင်း လုပ်ဖြစ်တယ်။ အဆောင်နေ ကျောင်းသား ကျောင်းသူတွေနဲ့ စုပေါင်းပြီး ရန်ကုန်မြို့နဲ့ မနီးမဝေးရှိတဲ့ နေရာတွေကို စုပေါင်းလမ်းလျှောက်ကြတာ။ ကျိုက္ကလို့၊ ကျိုက္ကလဲ့ဘုရား၊ မယ်လမုဘုရား၊ တွံတေးက ဓနုတ်ဘုရား၊ သန်လျင် ကျိုက်ခေါက် ဘုရား၊ ဘုရားအစုံပဲ။ ကုသိုလ် အများကြီးရခဲ့တာ။ ကျွန်တော်က အခုလို ပါဝင်ဖို့ စည်းရုံးခဲ့တယ်။ တစ်ပတ်တစ်ပတ် ကျောင်းသား ကျောင်းသူ ၃၀ဝ/၄၀ဝ ကျော် ပါဝင်ခဲ့ကြတယ်။ ခရီးဆုံးတဲ့အခါ အကျွေးအမွေးနဲ့ ဧည့်ခံတယ်။ ပြီးတော့ လူစုခွဲကြတယ်။ ဒီလှုပ်ရှားမှုဟာ အတော်အောင်မြင်ခဲ့တယ်။ စီးပွားရေး တက္ကသိုလ်က နာမည်ရခဲ့တာ။ ဒီတုန်းက မြန်မာနိုင်ငံ ခြေလျင်တောင်တက်အသင်းဥက္ကဋ္ဌ က ဗိုလ်မှူးကြီးလှအောင်။ ကျွန်တော့်အဖေနဲ့ လုပ်ဖော်ကိုင်ဖက် အသင်းချုပ်ကလည်း စုပေါင်းလမ်းလျှောက်ကြတယ်။ ဒါပေမယ့် သူတို့မှာ အင်အားက ၅၀ မကျော်ဘူး။ နောက်ဆုံး စီးပွားရေးတက္ကသိုလ်နဲ့ ပူးပေါင်းဖို့ သဘောတူခဲ့တယ်။

 

ခြေလျင်တောင်တက်အသင်းလုပ်ရင်း တက္ကသိုလ်များ ဆေးရုံအုပ်ကွယ်လွန်သွားတဲ့ ဆရာကြီးဒေါက်တာ ဦးခင်မောင်တင်ရဲ့ အကူအညီနဲ့ ကြက်ခြေနီ ရှေးဦးသူနာပြုသင်တန်းတွေ လုပ်နိုင်ခဲ့တယ်။ အသင်းချုပ်ရဲ့ အကူအညီနဲ့ ကြိုးနဲ့အတက် အဆင်းလုပ်နိုင်အောင် စီးပွားရေးတက္ကသိုလ်ကို အသုံးပြုပြီး သင်တန်းတွေပေးခဲ့တယ်။

 

ခရီးကြမ်းထွက်တဲ့အခါမှာလည်း အခုလို လိုအပ်တဲ့ပစ္စည်း တွေမစုံလှဘူး။ တစ်နှစ် ကျွန်တော်တို့ ငပလီကိုခရီးကြမ်း ထွက်ခဲ့တယ်။ ကျောပိုးအိတ်၊ အခင်း စတဲ့ပစ္စည်းတွေကို တပ်မတော်က အကူအညီပေးခဲ့တယ်။ တံတားတွေမရှိတာမို့ တောင်ကုတ်ကတစ်ဆင့် ကူးတို့နဲ့ ခက်ခက်ခဲခဲကူးခဲ့ကြတယ်။ အမှန်တော့ ခရီးအစအဆုံး လမ်းမလျှောက်နိုင်ပါဘူး။ ကားကိုပဲ အားကိုးခဲ့ရတာ။ လျှောက်နိုင်သလောက် လျှောက်ပြီး ကျန်တဲ့အချိန်မှာ ကားနဲ့ သွားခဲ့တယ်။ ချင်းပြည်နယ်က ဝိတိုရိယ တောင်တက်ရတာက အထူးခြားဆုံး ခရီးတစ်ခု။ ကန်ပက်လက်က တစ်ဆင့် သွားရတာ။ တောင်ထိပ်ရောက်တော့ မောပန်းတာတွေအားလုံး ပျောက်သွားတယ်။

 

ကျွန်တော်ခြေလျင် တောင်တက်အသင်းကို ၁၉၆၇ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ တာဝန်ယူခဲ့တယ်။ နိုင်ငံခြား ပညာတော်သင်အဖြစ် အင်္ဂလန်မှာ ခြောက်နှစ်ကြာခဲ့တာ။ ပြန်ရောက်တော့ အသင်းကိုဆက်ပြီး တာဝန်ယူခဲ့တယ်။ ၁၉၇၉ ခုနှစ်အထိ အသင်းတာဝန်ယူရင်း ကျောင်းသား ကျောင်းသူ လုပ်ဖော်ကိုင်ဖက်ဆရာ ဆရာမတွေနဲ့ ရင်းနှီးခဲ့တယ်။ ခြေလျင်တောင်တက် အလုပ်ဟာ အားကစား အလုပ်ဖြစ်ပေမယ့် ဒီအသင်းမှာ တာဝန်ယူရင်း ဦးဆောင်မှု၊ စီမံခန့်ခွဲမှု၊ စည်းရုံးရေးစတာတွေကို လက်တွေ့ကျကျ သိရှိကျင့်နိုင်ခဲ့တယ်။

 

ခြေလျင်တောင်တက်အသင်းကို အားပေးခဲ့သူ

 

နောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ ခြေလျင်တောင်တက်အသင်းမှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တယ်။ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီဝင် ဖြစ်ခဲ့တယ်။ ကျွန်တော်က စီးပွားရေးတက္ကသိုလ် မဟုတ်တော့ဘဲ ကျန်းမာရေးဝန်ကြီးဌာနမှာ ညွှန်ချုပ်ဖြစ်နေပြီ။ ဒီနှစ်အခမ်းအနားကို နည်းနည်းစောပြီး တက္ကသိုလ်ဓမ္မာရုံကို ရောက်ခဲ့တယ်။ အသင်းတာဝန်ယူတဲ့သူတွေနဲ့ ဆရာ ဆရာမတွေကိုလည်း တွေ့ချင်ဆုံချင်တဲ့အတွက်။ ပါမောက္ခချုပ်ဒေါက်တာ စိုးရင်နဲ့ စကားပြောဖြစ်တယ်။ သူက တစ်ချိန်က ရန်ကုန်တက္ကသိုလ်မှာ တာဝန်ယူခဲ့ပြီး ခြေလျင်တောင်တက်အသင်းကို အားပေးခဲ့သူ။ အသင်းရဲ့ နာယကကြီးတွေ မိတ်ဆက်တော့ တစ်ဦးက အသက် ၉၂ နှစ်။ ဒါပေမယ့် ကျန်းမာနေတာ အားကျစရာ။ ဆရာ ဆရာမကြီးတွေကိုကြည့်ရင်း ဆရာကြီး သိပ္ပံမှူးတင်ကို သတိရမိတယ်။ တစ်နှစ် ဆရာကြီးက ဩဝါဒ ပြောတယ်။ အသံကလုံးဝမကျဘူး။

 

ဒီနှစ် နာယကကြီးကိုယ်စား ကျွန်တော့်ကို မိန့်ခွန်းပြောစေတယ်။ ကိုယ့်ထက်အသက်ကြီးပြီး ဝါရင့်တဲ့သူတွေကိုယ်စားပြော ရတာကိုတော့ နည်းနည်းထိတ်လန့်မိတယ်။ ကျွန်တော်က တက္ကသိုလ်ခြေလျင်တောင်တက် အသင်းအနေနဲ့ လမ်းလျှောက်ပြိုင်ပွဲတွေ ပြန်လည်လုပ်ပေးဖို့ အကြံပြုခဲ့တယ်။ တစ်ဖက်ကလည်း အခုတော့ အသင်းသားတွေကို မနာလိုဖြစ်ရတဲ့ အကြောင်းကိုလည်း ပြောခဲ့တယ်။ ပြောင်းလဲလာတဲ့ ခေတ်ကာလ အခြေအနေတွေကြောင့် ကျွန်တော်တို့ခေတ်က စိတ်ကူးယဉ်သက်သက်ဖြစ်ခဲ့တဲ့ နှင်းတောင်တွေ တက်ခွင့်ရနေပါပြီ။ ဒါကြောင့် အခုခေတ် လူငယ်တွေရဲ့ အခွင့်အရေးကို အားကျမိတယ်။

 

ကျွန်တော်တို့က အသင်းသားတွေကို လိုလေသေးမရှိအောင် ပြုစုကြတယ်။ ကန်တော့ပစ္စည်းတွေ ပေးကြတယ်။ အစားအသောက်တွေ ကျွေးကြတယ်။ ဒါပေမယ့် တာဝန်ကြီးမှာ စိတ်ပူတယ်။ အမှန်တော့ စေတနာကို အသိအမှတ်ပြု ပေမယ့် အခုလိုလုပ်ရလို့ တာဝန်မများစေချင်ဘူး။ စေတနာကို အသိအမှတ် ပြုပါတယ်။ ဒါပေမယ့် ကိုယ့်ကြောင့် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူး။

 

တစ်ချိန်က တက္ကသိုလ်မှာ အားကစားလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့တယ်။ နိုင်ငံရေး အကျပ်အတည်းဖြစ်မှာစိုးတာနဲ့ ပိတ်ပင်ခဲ့တယ်။ အခုတော့ တက္ကသိုလ်တွေမှာ အားကစားတွေပြန်လည် ရှင်သန်လာတာကို မြင်ရတယ်။ မကြာသေးမီက အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို ကျင်းပခဲ့တယ်။ ပြေးခုန်ပစ်ပြိုင်ပွဲမှာ အမှန်တော့ လမ်းလျှောက်ပြိုင်ပွဲတွေ ပါသင့်တယ်။ ပြေးခုန်ပစ်ပါ မပါမသိခဲ့ဘူး။ ကျန်တဲ့အားကစားတွေ အကြောင်းသာ ဖတ်ရပြီး ပြေးခုန်ပစ်အကြောင်း မကြားရလို့ ကျွန်တော့်ချို့ယွင်းမှုပဲထင်ပါရဲ့။ လမ်းလျှောက်ပြိုင်ပွဲသာ ပါဝင်ရင် အသင်းကြီးအတွက် အခွင့်အရေး တစ်ရပ်ပါပဲ။

 

သံယောဇဉ်ကြီး

 

ကျွန်တော်ဟာ ခြေလျင်တောင်တက်အသင်းနဲ့ ပတ်သက်လာရင် သံယောဇဉ်ကြီးတယ်။ အမှန်တော့ ခေတ်မီဆေးသိပ္ပံအရ အကောင်းဆုံးအားကစားဟာ အမြန်လမ်းလျှောက်ခြင်းဖြစ်ကြောင်း တွေ့ရတယ်။ အထူးသဖြင့် တစ်ရက်မှာ အနည်းဆုံး ခြေလှမ်း ၁၀ဝ၀ဝ ပြည့်အောင်လျှောက်ဖို့ အကြံပြုထားတယ်။ လေးမိုင်ကျော်။ ဒီရည်မှန်းချက်ကိုရအောင် လူတိုင်း လုပ်သင့်တယ်။ ဒါကြောင့်လည်း ဆရာကြီး သိပ္ပံမှူးတင်က လူတစ်ယောက်မှာ နှလုံးသုံးခုရှိတယ်လို့ သတိပေးခဲ့တယ်။ ပထမတစ်လုံးကတော့ မူလနှလုံးဖြစ်ပြီး ကျန်တဲ့နှစ်လုံးကတော့ ခြေထောက်နှစ်ဖက်ဖြစ်တယ်။ ကျန်းမာခြင်းဟာ ချမ်းသာ ခြင်းဖြစ်တာမို့ လူတိုင်းလမ်းလျှောက်ကြဖို့ တိုက်တွန်းမိပါတယ်။ ။

 

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်