ကျွန်တော်နဲ့ အကြောက်တရား

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်

 

အခုချိန်မှာ လူတိုင်းအကြောက်တရားနဲ့ ရင်ဆိုင်နေကြရတယ်။ စိုးရိမ်မှု၊ ပူပန်မှုသောကပင်လယ်ထဲမှာ ပထမအကြိမ် တုန်းက မသိသာတဲ့အရာတွေဟာ ဒုတိယအကျော့မှာ သိသိသာသာထင်ရှားလာခဲ့တယ်။ ရောဂါကူးစက်မှုနှုန်းဟာ အချိန်တိုတိုအတွင်း တစ်ရှိန်ထိုးတိုးတက်လာသလို သေဆုံးတဲ့အရေအတွက်ဟာလည်း တရိပ်ရိပ်တက်နေတယ်။ တစ်ချိန်က ရောဂါပိုးကူးစက်သူတွေ၊ သေဆုံးသူတွေဟာ သူစိမ်းတွေဖြစ်ခဲ့ပေမယ့် အခုတော့ ကိုယ်သိတဲ့သူတွေ၊ ကိုယ်နဲ့ရင်းနှီးသူတွေ ပါဝင်လာကြတယ်။ အသက်အပိုင်း အခြားအနေနဲ့လည်း ကလေး၊ လူငယ်၊ လူလတ်၊ လူကြီး အားလုံး။ တစ်ချိန်က နိုင်ငံခြားကတစ်ဆင့် ကူးစက်ခဲ့တဲ့ကပ်ရောဂါကြီးဟာ အခုတော့ ပြည်တွင်းကူးစက်မှုတွေ ဖြစ်လာသလို ရောဂါပိုးရှိသူနဲ့ မရှိသူခွဲခြားဖို့ ခက်ခဲလာခဲ့တယ်။

 

တာဝန်ရှိသူတွေအနေနဲ့ လိုအပ်တဲ့ဆောင်ရွက်မှုတွေ လုပ်ဆောင်နေကြတယ်။ ညွှန်ကြားချက်အမျိုးမျိုးထုတ် ပြီး အဖြေတွေရှာနေကြတယ်။ အသိပညာပေးမှုတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့်လုပ်လျက်ရှိတယ်။ လူမှုရေး မီဒီယာကတစ်ဆင့် ကြားရ၊ ဖတ်ရတဲ့သတင်းကြောင့်လည်း ကြောက်စိတ်တွေပိုခဲ့ကြတာ။ မှန်ကန်မှုရှိ မရှိ မဆန်းစစ် နိုင်ဘဲ အလွယ်တကူယုံနေကြတယ်။ ကောလာဟလတွေကိုလည်း တာဝန်မဲ့ဖြန့်နေကြတယ်။ ပုံစံအမျိုးမျိုး မှတ်ချက်ပေးနေတာတွေကိုလည်း ယုံမှတ်ပြီး တထိတ်တလန့်ဖြစ်နေကြတယ်။


လူသားတိုင်းရဲ့ တုံ့ပြန်မှု

အခုလိုစိတ်ဖိစီးမှုတွေများနေတာကိုလည်း အဆိုး မဆိုနိုင်ပါဘူး။ ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်းဟာ လူသားတိုင်းရဲ့ တုံ့ပြန်မှုဖြစ်တယ်။ သိတာကိုကြောက်သလို၊ မသိတာကိုလည်း ကြောက်တတ်ကြတယ်။ ဒီကပ်ရောဂါကြီးဖြစ်တော့ အိမ်ကနေ အလုပ်လုပ်ကြတယ်။ အိမ်ကတစ်ဆင့် အလုပ်လုပ်ရတာကို အစကနဦးမှာ အဆင်ပြေတယ်လို့ ယူဆပေမယ့် အချိန်ကြာလာတာနဲ့အမျှ အခက်အခဲတွေကြုံရတယ်။ အဆိုးဆုံးကအထီးကျန်ဖြစ်ခြင်း ဖြစ်တယ်။ ရုံးတက်ရုံးဆင်း လုပ်ခဲ့တာကို သာမန်လှုပ်ရှားမှုတစ်ရပ်လို့ စဉ်းစားပေမယ့် အလုပ်ခွင်မှာလုပ်ဖော်ကိုင်ဖက်တွေနဲ့ ထိတွေ့လှုပ်ရှားမှုတွေဟာ အလွန်အရေးကြီးတယ်။ လူသားတွေမှာ အချင်းချင်း ကူးလူးဆက်ဆံ ဆက်သွယ်မှုဟာ အရေးကြီးလှတယ်။ ရုံးမှာတစ်ဖက်ကအလုပ်လုပ်ရသလို တစ်ဖက်မှာလည်း လူတိုင်းအတွက်မရှိမဖြစ်တဲ့ ပေါင်းသင်း ဆက်ဆံမှု အတွေ့အကြုံတွေဟာ အရေးကြီးလှတယ်။ အမှတ်တမဲ့ဖြစ်ခဲ့တဲ့အရာတွေ တန်ဖိုးကြီးတာ တွေ့လာ ကြတယ်။ မိတ်ဆွေ အပေါင်းအသင်းဆက်ဆံရေးရဲ့ အရေးပါမှုကို ပိုပြီး သိလာတယ်။ ဒါတွေနဲ့ကင်းဝေးခဲ့တဲ့အခါ ပူပန်မှုတွေ၊ စိုးရိမ်စိတ်တွေဟာ အလိုလိုတိုးလာခဲ့ကြတယ်။ အကြောက်တရားတွေပိုလာခဲ့ကြတယ်။ အပြင်မထွက် ရဆိုတဲ့ကန့်သတ်မှုတွေကြောင့် မိတ်ဆွေအပေါင်းအသင်းတွေနဲ့ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာ ဆုံစည်းဖို့အခက်အခဲရှိခဲ့တယ်။ ပုံမှန်လူမှုဆက်ဆံရေးတွေ ဖြတ်တောက်ခဲ့တာကြောင့် အထီးကျန်စိတ်တွေ တိုးလာကြတယ်။ အလိုလိုကြောက်စိတ်တွေပိုလာတယ်။


ကြောက်စိတ်ကိုစိတ်ပညာမှာ အသေးစိတ်လေ့လာထားတာ တွေ့ရတယ်။ ကျွန်တော်က စီမံခန့်ခွဲမှုပညာကို သင်ယူရာမှာ ဘာသာရပ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ စိတ်ပညာကို ဆည်းပူးခွင့်ရခဲ့တယ်။ အမှန်တော့စီမံခန့်ခွဲ မှုဟာ လူတွေနဲ့သက်ဆိုင်တာမို့ လူ့စိတ်ခံစားမှုကို သိဖို့လိုအပ်တယ်။ စီးပွားရေးတက္ကသိုလ်မှာ တာဝန်ယူစဉ် ကျွန်တော့်ရဲ့ ဆရာဖြစ်သူ ဒေါက်တာခင်မောင်ကြည်နဲ့ စိတ်ပညာဌာနမှ ပါမောက္ခ ဒေါက်တာကျော်စိန်တို့နှစ်ဦး ဟာ ပုဂ္ဂိုလ်ရေးရာ ရင်းနှီးရုံမက သုတေသနလုပ်ငန်းတွေကိုလည်း ပူးတွဲပြီးဆောင်ရွက်ခဲ့ကြတယ်။ ကျွန်တော့်အနေနဲ့လည်း ရန်ကုန် တက္ကသိုလ်စိတ်ပညာဌာနက ဒေါက်တာညီဝင်းမှန်နဲ့တွဲပြီး သုတေသနလုပ်ငန်းတွေ ဆောင်ရွက်ခွင့်ရခဲ့ပါတယ်။


အခြေခံစိတ်ခံစားမှု ခြောက်မျိုး

လူတစ်ယောက်မှာ အခြေခံစိတ်ခံစားမှု ခြောက်မျိုး ရှိပါတယ်။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ အံ့ဩမှု၊ ရွံရှာမှု၊ ဒေါသထွက်မှုနဲ့ အကြောက်တရားတို့ပဲ ဖြစ်တယ်။ ကြောက်ရွံ့စိုးရိမ်ပူပန်ကြောင့်ကြမှုနဲ့ ပတ်သက်ပြီး အခြေခံတစ်ခုက ဆုံးရှုံးမှုကို စိတ်ပူတတ်ကြတယ်။ ဆုံးရှုံး မှုဆက်မဖြစ်အောင် စွန့်စားကြတယ်။ ဆုံးရှုံးနစ်နာမှာ စိုးရိမ်ပြီး မစဉ်းစား မဆင်ခြင်ဘဲ ဆောင်ရွက်တတ်ကြတယ်။ ကြောက်ရွံ့တဲ့အခါ အခြေခံတုံ့ပြန်မှုနှစ်ရပ်ကို ရွေးချယ်ကြတယ်။ ပထမတုံ့ပြန်မှုက တထိတ်တလန့်နဲ့ ထွက်ပြေးလိုကြတယ်။ ဦးတည်ရာထွက်ပြေးလိုချင်တဲ့ဆန္ဒတွေရှိကြတယ်။ ရောက်ချင်ရာရောက် ဆိုတဲ့အတွေးတွေနဲ့ တုံ့ပြန်တာမို့ အန္တရာယ်ပိုပြီးကြီးထွားနိုင်မှာ ဖြစ်တယ်။ ဒုတိယတုံ့ပြန်မှုကတော့ ကားမီးထိုးခံရတဲ့ ယုန်ငယ်တစ်ကောင်လို ကြက်သေသေပြီး မလုပ်နိုင်မကိုင်နိုင်တဲ့ အခြေအနေရောက်သွားကြတယ်။


ကြောက်တဲ့အခါ မိမိကိုယ်မိမိကာကွယ်လိုတဲ့အတွက် ဖြစ်ပေါ်နေတဲ့အခြေအနေကို ငြင်းပယ်ကြတယ်။ တကယ် မဖြစ်ပါဘူး၊ ဖြစ်ရင်လည်း နဂိုအခြေအနေကို အမြန်ဆုံး ပြန်ရောက်မှာလို့ စိတ်ကူးကြတယ်။ အကြောက်တရားနဲ့ ကြုံတွေ့ရတဲ့အခါ တစ်ဦးနဲ့တစ်ဦး ခံယူချက်ချင်း မတူတာ တွေ့ရတယ်။ တချို့မိမိခံစားနေရတာကို ဖော်ထုတ်ကြပြီး လူသိအောင်ကြိုးစားကြတယ်။ တချို့ကတော့ မာန်ထောင်ပြီး မရင်ဆိုင်ရဲကြဘူး။ စိတ်ထဲမှာဖြစ်နေတာကို ထုတ်ဖော်ဖို့ ခဲယဉ်းကြတယ်။


အမှန်တော့ကြောက်ရွံ့ခြင်းဟာ နွေးထွေးတယ်လို့ ပြောရင် ယုံကြမှာမဟုတ်ဘူး။ ကြောက်တဲ့အတွက် အသစ်အဆန်း တွေ မစဉ်းစားဖြစ်ဘူး၊ မလုပ်ဖြစ်ကြဘူး။ ငယ်ရာက ကြီးပြင်းလာတဲ့သူတွေအနေနဲ့ မိမိကလေးဘဝကို ပြန်ပြီးစဉ်းစားစေချင်တယ်။ ကလေးငယ်ဘဝ မှာအရာရာကို သိချင်တယ်၊ စပ်စုတယ်၊ ကြောက်ရမှန်း မသိဘူး။ သစ်ပင်မြင်တာနဲ့ တက်ချင်တဲ့စိတ်ရှိတယ်။ အသစ်အဆန်းကိုစမ်းသပ်လိုတယ်။ ဒါပေမယ့် အသက်ကြီးလာတာနဲ့ အမျှ ကြောက်တတ်လာကြတယ်။ ကြောက်တတ်ရမှန်း သိလာကြတယ်။ မှားမှာကြောက်တယ်၊ အပယ်ခံဖြစ်မှာ ကြောက်တယ်၊ အထီးကျန်ဖြစ်မှာ စိုးရိမ်တယ်။ အပယ်ခံဖြစ်ရမှာ စိတ်ပူတယ်။ နေမကောင်းဖြစ်မှာ ကြောက်ပြီး အိုရမှာကိုလည်းတွေးကာ ပူပင်ကြ တယ်။ အမှန်တော့ ဒါတွေဟာရင်ဆိုင်ရမယ့် ကိစ္စတွေဖြစ်တယ်။ ကြောက်လို့ ဖြစ်မလာမှာ မဟုတ်ပါဘူး။


စဉ်းစားဆင်ခြင်မှုနဲ့ကြောက်ရွံ့မှု
လူတွေမှာခံစားချက်နဲ့ စဉ်းစားချက်တွေကို ဟန်ချက်ညီညီ သုံးသပ်တတ်ဖို့ လိုအပ်တယ်။ စဉ်းစားဆင်ခြင်မှုနဲ့ မိမိရဲ့ကြောက်ရွံ့မှုကို ရင်ဆိုင်တတ်ဖို့ အရေးကြီးလှပါတယ်။ ကုမ္ပဏီလုပ်ငန်းတွေကို ဦးဆောင်နေသူတွေအနေနဲ့ မိမိဝန်ထမ်းတွေခံစားနေရတဲ့ စိတ်ခံစားမှုတွေကို နားလည်ရမှာ၊ အသိအမှတ်ပြုရတယ်။ ဝန်ထမ်းတွေအနေနဲ့ အလုပ်ပြုတ်မှာ စိတ်ပူနေကြတယ်။ စားဝတ်နေရေး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေကြရတယ်။ တစ်ဖက်မှာလည်း လုပ်ငန်းရှင်တွေဟာ ကိုယ့်ပြဿနာတွေကလည်း ကြီးမားလှတယ်။ အလုပ်တွေထိခိုက်မှာ၊ လုပ်ငန်းတွေရပ်ဆိုင်း တဲ့အထိ ရင်ဆိုင်ရမှာကို စိုးရိမ်နေကြတယ်။ အမှန်တော့ အခုချိန်မှာ အလုပ်ရှင်ရယ်၊ အလုပ်သမားရယ် မဟုတ် တော့ဘဲ အားလုံးဟာအန္တရာယ်ကို အတူတူရင်ဆိုင်နေ ကြရတယ်။ တစ်ဖက်မှာတော့ အလုပ်ရှင်တွေဟာ ခေါင်းဆောင်မှုပေးနေကြတဲ့သူတွေမို့ ပိုပြီးတာဝန်ရှိပါတယ်။ မိမိစိတ်ထဲက သောကတွေကို သုံးသပ်ရာမှာ အလုပ်သမားတွေရဲ့ အခြေအနေကို ကိုယ်ချင်းစာဖို့လိုအပ်တယ်။ အသိမှတ်ပြုရတယ်။ ဒါကြောင့် အခုလိုကျပ်တည်း နေတဲ့အခြေအနေမှာ အလုပ်ရှင်၊ အလုပ်သမားအကြား နားလည်မှုတွေ တိုးပွားနိုင်တဲ့ အခွင့်အရေးဖြစ်တယ်။ အရေးကြီးဆုံးက ယုံကြည်မှု တည်ဆောက်ခြင်း ဖြစ်တယ်။ ပွင့်လင်းမြင်သာမှုဟာလည်း အရေးကြီးတယ်။ လုပ်ငန်းမှာရင်ဆိုင်နေရတဲ့ အခက်အခဲပြဿနာတွေကို အလုပ်ရှင်များအနေနဲ့ ပွင့်ပွင့်လင်းလင်း အလုပ်သမား တွေနဲ့ ဆွေးနွေးရမှာဖြစ်တယ်။ နဂိုထက်ပိုပြီး ပြောရဆိုရမှာဖြစ်တယ်။ တစ်ဖက်မှာလည်း ဝန်ထမ်းတွေနဲ့ပတ်သက်ပြီး နားလည်သဘောပေါက်အောင် နားထောင်ရမယ်၊ နားလည်အောင်ကြိုးစားအားထုတ်ရမှာ ဖြစ်တယ်။


ကြောက်ရွံ့မှုကို ရန်သူအဖြစ်မမြင်ဘဲ မိတ်ဆွေတစ်ဦးအနေနဲ့ သုံးသပ်တတ်ဖို့ လိုအပ်တယ်။ ကြောက်တဲ့စိတ်ကို သေသေချာချာသုံးသပ်ပြီး အခက်အခဲတွေကို ရင်ဆိုင်သွားဖို့ အရေးကြီးလှပါတယ်။


ကိုဗစ် - ၁၉ ရဲ့ နောက်ဆက်တွဲပြဿနာက စိတ်ကျန်းမာရေးဖြစ်တယ်။ တစ်ဖက်က ကိုယ့်ကျန်းမာရေးကို ဂရုစိုက်နေတဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေကိုလည်း ကိုင်တွယ်ရမှာဖြစ်တယ်။ တစ်ခါမှမကြုံဖူးတဲ့ ထူးခြားလှတဲ့ဖြစ်ရပ်ကို ကျော်လွှားနိုင်ဖို့ စိတ်ဓာတ်ခိုင်မာဖို့ လိုအပ်တယ်။ အကြောက်တရားကို လွှမ်းမိုးမှုမခံရ အောင် ကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ပြီးသွား ပြီဆိုတဲ့အခြေအနေက ရှိနိုင်မှာမဟုတ်တော့ပါဘူး။ ပုံမှန် အသစ်နဲ့ အဆင်ပြေအောင် နေကြရတော့မှာ။


အကြောက်တရားနဲ့ကင်းအောင်နေထိုင်မှု
ကျွန်တော့်အနေနဲ့ ဒီကာလမှာလူတွေရဲ့ခံစားချက်တွေ အာရုံပြောင်းနိုင်ဖို့ အွန်လိုင်းကတစ်ဆင့် ဟောပြောပွဲတွေ ပြုလုပ်ပေးလျက်ရှိပါတယ်။ အခုဆိုရင် ခြောက်လရှိသွားပြီ။ အရင်တစ်ပတ်က အကြောက်တရားနဲ့ ကင်းအောင် နေထိုင်မှုအကြောင်း မျှဝေပေးခဲ့တယ်။ ကြောက်နေတာကို မငြင်းပယ်ဘဲ အသိအမှတ်ပြုပြီး ဘယ်လို ဘယ်နည်း ကျော်လွှားနိုင်တယ်ဆိုတဲ့ အဖြေတွေရှာရမှာ ဖြစ်တယ်။


အဆိုးဆုံးအခြေအနေကို မျှော်လင့်ပြီး အကောင်းဆုံး အခြေအနေကို တမ်းတဖို့ လိုအပ်ပါတယ်။ ယုတ္တိရှိရှိနဲ့ ဆင်ခြင်ဖို့ လိုအပ်တယ်။ အရေးကြီးတာကတော့ ကိုယ်မလုပ်နိုင်တာတွေကို မစဉ်းစားဘဲ ကိုယ်တတ်နိုင်တာတွေကို အာရုံပြုရ တယ်။ ဒီကပ်ရောဂါကြီးနဲ့ပတ်သက်ပြီး လူတိုင်းလုပ်နိုင်တာက အိမ်ထဲကအိမ်ပြင်မထွက်ဖို့၊ မတတ်နိုင်လို့ထွက်ရမယ် ဆိုရင်လည်း နှာခေါင်းစည်းတွေတပ်ဖို့၊ လူစုလူဝေးကိုရှောင်ပြီး တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေကြဖို့၊ လက်တွေကိုလည်း ပုံမှန်ဆေးဖို့ ဒါတွေဟာ လူတိုင်းလုပ်နိုင်တဲ့ အလုပ်တွေဖြစ်တယ်။ တာဝန်ယူ၊ တာဝန်ခံရမှာသာ ဖြစ်တယ်။ လူတိုင်းဒီအတိုင်း ကျင့်သုံးရင်အန္တရာယ်လျော့ပါးသွားမှာ ဖြစ်တယ်။ တာဝန်မကျေတဲ့၊ တစ်ကိုယ်ကောင်းဆန်တဲ့ အပြုအမူတွေ တတ်နိုင်သမျှရှောင်ရမယ်။ အမှန်တော့ အကြောက်တရားတွေကို ကောင်းမွန်တဲ့ နိုင်ငံသား ပီသမှုစိတ်နဲ့ ရင်ဆိုင်ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အကြောက်တရားနဲ့ လွတ်ကင်းနိုင်ကြပါစေလို့ ဆန္ဒပြုရပါတယ်။   ။