ကွန်ပျူတာ အကြည့်များသူတွေအတွက် အစားအစာနဲ့ ဗီတာမင်

ရေးသားသူ Phyo Pyae Pyae
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

 

ခုခေတ်မှာ လူမူကွန်ရက်ကလည်း အရမ်းကို တွင်ကျယ်လာပြီး စီးပွားရေး တော်တော်များများရဲ့ အချက်အလက်တွေကိုလည်း စာရွက်တွေထက် ကွန်ပျူတာ မှတ်ဉာဏ်တွေနဲ့ ပိုပြီး သိမ်းဆည်းထား လေ့ရှိကြပါတယ်။ ဒီအခါမှာတော့ လူအများစုဟာ စာရွက်တွေ ကြည့်ရမယ့်အစား ကွန်ပျူတာတွေ ပိုပြီးတော့ ကြည့်လာရပါပြီ။ ကွန်ပျူတာကထွက်တဲ့ အလင်းရောင်တွေဟာ ရေရှည်မှာ မျက်စိကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါကြောင့် တော်တော်များများလည်း မျက်မှန်တပ်ရတာတွေ ရှိကြပါတယ်။ ဒီလိုမျိုး ဖြစ်တာတွေ လျှော့နည်းလာစေဖို့အတွက် ဆေးကုသမှုတွေလည်း ပြုလုပ်နိုင်သလို အစားအစာတွေနဲ့ ဗီတာမင်တွေကနေလည်း ရရှိနိုင်ပါတယ်။

 

မျက်လုံးရဲ့ ကျန်းမာရေးကို ကောင်းမွန်စေတဲ့ အစားအစာတွေထဲမှာ မုန်လာဥနီက အကောင်းဆုံးဆိုတာ သိထားပြီး ဖြစ်မှာပါ။ တကယ်တော့ တခြားအစားအစာတွေကလည်း မျက်လုံး ကျန်းမာရေး ကောင်းမွန်စေဖို့ အတွက် ပေးစွမ်းနိုင်ပါသေးတယ်။ ဗီတာမင် စီ၊ ဇင့်၊ utein, zeaxanthin နဲ့ omega-3 fatty acid တွေဟာ မျက်လုံး ကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။ ဒီအာဟာရဓါတ်တွေ ပါဝင်ခြင်းဟာ ကွန်ပျူတာ အကြည့်များခြင်းကြောင့် ဖြစ်တတ်တဲ့ မျက်လုံးတိမ်ဖုံးခြင်းတွေကို ကာကွယ်ပေးနိုင်သလို ဝေဝါးမှုန်ခြင်း၊ မျက်လုံးကြွက်သားများ လျော့ကျခြင်းတွေကို မဖြစ်စေပါဘူး။

 

ကွန်ပျူတာကထွက်တဲ့ အလင်းရောင်၊ နေရောင်ခြည်၊ ဆေးလိပ်ငွေ့တွေကနေ ကာကွယ်ပေးနိုင်ဖို့ ဟင်းနုနွယ် ရွက်နဲ့ ကိုက်လန်က ကူညီပေးနိုင်ပါတယ်။ lutein နဲ့ zeaxanthin ပါဝင်တာဟာ မျက်စိအာရုံကို ကောင်းမွန် စေပါတယ်။ ဗီတာမင်အေကလည်း မျက်စိအာရုံကို ကောင်းမွန်စေတဲ့အရာပါပဲနော်။ ဗီတာမင် အေဟာ အမြင်အာရုံ လျော့နည်းခြင်းတွေကို ကာကွယ်ပေးပါတယ်။ ဟင်းနုနွ်ယ်ရွက်နဲ့ ကန်စွန်းဥတွေဆီကနေ ရရှိနိုင်ပါတယ်။ ဗီတာမင်အေဟာ မျက်လုံးရဲ့ အလင်းရောင်ကို ပြောင်းလဲပေးနိုင်ခြင်း၊ မျက်လုံးကြွက်သား လျော့ရဲခြင်းကြောင့် မျက်စိကွယ်ခြင်းကို မဖြစ်စေခြင်းနဲ့ မျက်လုံးခြောက်သွေ့မနေစေဖို့ ကူညီနိုင်ပါတယ်။

 

ဗီတာမင်စီကတော့ ဓါတ်တိုးဆန့်ကျင်မှု ဖြစ်တာမို့ ကွန်ပျူတာကြောင့် မျက်စိပျက်စီးခြင်းကို (၇၀%) လောက် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီရရှိဖို့ဆိုရင် လိမ္မော်သီးဖျော်ရည်၊ ပဲတီပင်ပေါက်တွေ စားနိုင်ပါတယ်။ ဒါမှမဟုတ် ဆေးသောက်တာမျိုး လုပ်နိုင်ပါတယ်။

 

ကွန်ပျူတာ အကြည့်များတဲ့အခါမှာ free radical တွေ ပိုဖြစ်လာနိုင်ပြီး မျက်စိပျက်စီးနိုင်ပါတယ်။ ဗီတာမင်အီး ကတော့ ဒီလိုအနေအထားတွေကို ကာကွယ်ပေးပါတယ်။ ကိုက်လန်၊ ဟင်းနုနွ်ယ်ရွက်တွေလဲ စားပေးဖို့ လိုပါတယ်။ ဗီတာမင်အီးဟာ မျက်စိပျက်စီးခြင်းကို ရာခိုင်နှုန်းတဝက်လောက်တောင် လျှော့ချပေးနိုင် တယ်လို့ လေ့လာမှုတစ်ခုက ဆိုထားပါတယ်။

 

ဇင့်ဓါတ်ဟာလည်း ဗီတာမင်အေလိုပဲ မျက်စိအားကောင်းစေပါတယ်။ အထူးသဖြင့်တော့ ကွန်ပျူတာသမားတွေ အတွက်ပေါ့။ မျက်စိဟာ ခန္ဓာကိုယ်ထက် ဇင့်ဓါတ်ကို ပိုပြီးတော့ လိုအပ်ပါတယ်။ ပင်လယ်စာနဲ့ အနီရောင် အသားတွေမှာ ဇင့်ဓါတ်ပိုများပြီး ပဲတွေမှာလည်း ပါဝင်ပါတယ်။

 

အကယ်လို့များ ကိုယ်က တစ်နေ့ကုန် ကွန်ပျူတာရှေ့မှာ အလုပ်လုပ်ရတယ်ဆိုရင်တော့ မျက်စိကျန်းမာရေး အတွက် အပေါ်မှာ ဖော်ပြခဲ့တဲ့ အစားအစာတွေကို လက်လွှတ်လိုက်လို့ မရပါဘူးနော်။

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်"