ကန်ပက်လက်ဒေသခံများအား သဘာဝခေါ်သံဖောင်ဒေးရှင်း သွားရောက်ဆေးကုသ

၁၇  အောက်တိုဘာ

တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း သဘာဝခေါ်သံ ဖောင်ဒေးရှင်းနာယက နှလုံးနှင့် အထွေထွေရောဂါအထူးကု သမားတော်ကြီး ပါမောက္ခဒေါက်တာခင်မေအုန်းနှင့် အသင်းဥက္ကဋ္ဌ ဦးမျိုးသန့်တို့ ဦးဆောင်သော ဆေးကုသရေးအဖွဲ့သည် သီတင်းကျွတ်ပိတ်ရက် အောက်တိုဘာ ၁၂ ရက်မှ ၁၄ ရက်အထိ  ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများကို သွားရောက်ဆေးကုသပေးခဲ့ကြသည်။

အဆိုပါဆေးကုသရေးအဖွဲ့သည် နတ်မတောင်ဟိတဓရ ပရဟိတကျောင်းတိုက်တွင် ဗဟိုပြုပြီး အောက်တိုဘာ ၁၂ ရက်တွင် အဆိုပါကျောင်းတိုက်ရှိ သံဃာတော်၊ သီလရှင်နှင့် ကျောင်းသား ကျောင်းသူ လူနာ ၁၅၅ ဦးကိုလည်းကောင်း၊ အောက်တိုဘာလ ၁၃ ရက်တွင် ကန်ပက်လက်မြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ လူနာ ၁၅၆ ဦးကိုလည်းကောင်း၊ အောက်တိုဘာလ ၁၃ ရက်နံနက်တွင် နတ်မတောင်ထိပ်သို့ တက်ရောက်ခဲ့ကြပြီးနောက် မွန်းလွဲပိုင်းတွင် ကန်ပက်လက်-မင်းတပ်ကားလမ်းအနီး လှလောင်းပန်းကျေးရွာရှိ လူနာ ၃၈ ဦးကိုလည်းကောင်း အခမဲ့ ဆေးဝါးကုသပေးခဲ့ကြခြင်းဖြစ်သည်။

ယင်းဆေးကုသရေးအဖွဲ့တွင် အထူးကုဆရာဝန် လေးဦး၊ သွားဘက်ဆိုင်ရာဆရာဝန် တစ်ဦး၊ အထက်တန်းသူနာပြု သုံးဦး၊ ဆေးဝါးပညာရှင် နှစ်ဦး အပါအဝင် စုစုပေါင်းအဖွဲ့ဝင် ၁၆ ဦး ပါဝင်ကြပြီး နတ်မတောင်ဟိတဓရ ပရဟိတကျောင်းတိုက်မှ တာဝန်ခံဆရာတော် ဦးကုဏ္ဍလအမှူးပြုသည့် သံဃာတော်၊ သီလရှင်နှင့် ဆရာမများ၊ ကန်ပက်လက်မြို့နှင့် ဆောမြို့တို့မှ သူနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက ဝိုင်းဝန်းကူညီခဲ့ကြသည်။

ကျွန်တော်တို့ တောင်တက်အဖွဲ့တွေ နတ်မတောင်ထိပ်ကို လာတက်တိုင်း၊ ဒီက ဒေသခံ ချင်းတိုင်းရင်းသားတွေရဲ့ အကူအညီသာမပါခဲ့ရင် လုံးဝအောင်မြင်မှာ မဟုတ်ပါဘူး။ သူတို့ကို ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ရယ်၊ သူတို့အတွက်လည်း တစ်နေရာနဲ့တစ်နေရာ သွားလာရခက်ခဲလို့ ကျန်းမာရေးစောင့်ရှောက်မှုတွေ တကယ်လိုအပ်နေတာမို့ ဒီသီတင်းကျွတ်ပိတ်ရက်မှာ လာရောက် ဆေးကုသပေးကြတာပါဟု ဆေးကုသရေးအဖွဲ့တာဝန်ခံ အသင်းအမှုဆောင် ဦးကျော်နိုင်က ပြောကြားသည်။

အဆိုပါ ဆေးကုသမှုအတွက် ကုန်ကျစရိတ်များကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ Reno ဟိုတယ်မိသားစုက အဓိက ပံ့ပိုးလှူဒါန်းခဲ့ခြင်းဖြစ်သည်။

ကျော်နိုင်