ကြည်နူးရွှင်ပျော် ကလေးစာကြည့်တိုက်ပွဲတော်နှင့် အမှတ်တရ ဈေးရောင်းပွဲတော် နေပြည်တော်တွင် ကျင်းပ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အမျိုးသားစာကြည့်တိုက် (နေပြည်တော်)၌ ယမန်နေ့ နံနက် ၉ နာရီခွဲတွင် "ကြည်နူးရွှင်ပျော် ကလေးစာကြည့်တိုက်ပွဲတော်နှင့် အမှတ်တရ ဈေးရောင်းပွဲတော်" ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ ကာတွန်းပညာရှင်များ၊ လက်မှုပညာရှင်များ၊ သပြေကလေးသူငယ် ပညာရေးနှင့် ကျန်းမာရေးထောက်ပံ့မှုအဖွဲ့၊ Gakken Classroom အဖွဲ့၊ ပြန်ကြားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ဇမ္ဗူသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့ရှိ အခြေခံပညာကျောင်းများမှ ဖိတ်ကြားထားသော ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကလေးစာကြည့်တိုက် အစီအစဉ်တွင် ပါဝင်ဆောင်ရွက်မည့် ကျောင်းသား၊ ကျောင်းသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။ 

ဖွင့်ပွဲအခမ်းအနားတွင် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံက "ကြည်နူးရွှင်ပျော် ကလေးစာကြည့်တိုက် ပွဲတော်နှင့် အမှတ်တရ ဈေးရောင်းပွဲတော်" အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ အခမ်းအနား တက်ရောက်လာသူများက ကြည်နူးရွှင်ပျော် ကလေးစာကြည့်တိုက် လှုပ်ရှားမှုအစီအစဉ်များ၊ ကာတွန်းရေးဆွဲနေမှုများ၊ လက်မှုပညာလုပ်ငန်းများ၊ စာအုပ်အရောင်းဆိုင်များ၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ၊ စားသောက်ဆိုင်များကို ကြည့်ရှုအားပေးခဲ့သည်။ 

 

ကြည်နူးရွှင်ပျော် ကလေးစာကြည့်တိုက်ပွဲတော်နှင့် အမှတ်တရဈေးရောင်းပွဲတော်ကို ဒီဇင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ မည်သူမဆို အခမဲ့လာရောက်လေ့လာ ပါဝင်ဆင်နွှဲနိုင်ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)