ကျွန်မတို့ CSO လို့ ခေါ်တဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက နိုင်ငံတော်ကို တတ်နိုင်တဲ့ ဘက်ကနေ ဖြည့်ဆည်း ပေးနေတာဖြစ်လို့ အစိုးရ အနေနဲ့ လက်တွဲခေါ်ဖို့၊ ယုံကြည်ဖို့ လိုပါတယ်

နေပြည်တော် ၂၇ ဖေဖော်ဝါရီ

 

ကျွန်မတို့ CSO လို့ခေါ်တဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက နိုင်ငံတော်ကို တတ်နိုင်တဲ့ ဘက်ကနေ ဖြည့်ဆည်း ပေးနေတာပါ။ ဒါ့ကြောင့်မို့လို့ ကျွန်မတို့လို အရပ်ဘက် အဖွဲ့အစည်းတွေကို အစိုးရ အနေနဲ့ လက်တွဲခေါ်ဖို့၊ ယုံကြည်ဖို့ လိုပါတယ်လို့ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ တွင် ဖေဖော်ဝါရီ ၂၆ ရက်က ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအကူအညီများ ထိရောက်မှုရှိစေရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသော Executive Director of Local Resource Center (LRC) ဒေါ်ပန်စီထွန်းသိန်းအား တွေ့ဆုံမေးမြန်းစဉ် ဖြေကြားခဲ့ခြင်း ဖြစ်ပါတယ်။

 

ဆွေးနွေးပွဲ ကျင်းပခြင်းအပေါ် ဒေါ်ပန်စီထွန်းသိန်းက “ကျွန်မ အနေနဲ့တော့ ကောင်းတယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံမှာ တိုးတက်အောင် လုပ်မယ့် အဖွဲ့တွေ အကုန်လုံး ဒီပွဲမှာ ပါတာပေါ့နော်။ development parliament တွေပါတယ်။ embassy တွေပါတယ်။ ပြည်တွင်း ပြည်ပက အစိုးရ မဟုတ်တဲ့ အဖွဲ့တွေ ပါတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေ ပါတယ်။ အခုလိုမျိုး အရပ်ဘက် အဖွဲ့အစည်းတွေပါ ပါဝင်ဆွေးနွေးခွင့် ရတဲ့အတွက် အလွန်ဝမ်းသာပါတယ်” ဟု သူ၏အမြင်ကို ပြောသည်။

 

ဆက်လက်ပြီးတော့ သူမကပင် “ဒီမိုကရေစီ လမ်းကြောင်းကို သွားမယ်ဆိုရင် ကျွန်မတို့က လူထုအသံကို အများကြီး နားထောင်ရပါတယ်။ လူထုတွေနဲ့ ထိတွေ့နေတဲ့ အဖွဲ့တွေဖြစ်တဲ့ community based organizations လို့ခေါ်တဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ CSO တွေနဲ့ ပူးပေါင်းနေမယ်ဆိုရင် လူထုရဲ့အသံကို အမြဲပဲ ကြားနေရမှာ ဖြစ်ပါတယ်။ အခုလိုမျိုးပွဲတွေ လုပ်တဲ့အခါမှာ အဲဒီအသံတွေကို ယူလာပေးပြီး ကျွန်မတို့က ဖြည့်ဆည်းပေးရတာ ဖြစ်ပါတယ်။ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းမှာ ပါဝင်နေတဲ့ ကျွန်မအနေနဲ့ ပြည်သူနဲ့ အစိုးရကြားမှာ ပေါင်းကူးတံတား အနေနဲ့ လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။ အဖွဲ့ပေါင်း ၄ဝ ပါဝင်တဲ့ Myanmar Civil Society Platform for Aid and Development က နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းတွေ လုပ်တဲ့အခါမှာ အောက်ခြေက အသံတွေ ယူတာဖြစ်ပါတယ်။ အဲဒီအသံတွေကို Myanmar Civil Society Platform for Aid and Development ကနေတစ်ဆင့် ဒီကနေ့မနက် ဆွေးနွေးသွားတဲ့ နိုင်ငံတော် အဆင့်ဖြစ်တဲ့ DACU မှာ ဖြည့်ဆည်းပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

 

ကျွန်မတို့ CSO လို့ခေါ်တဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက နိုင်ငံတော်ကို တတ်နိုင်တဲ့ဘက်ကနေ ဖြည့်ဆည်းပေးနေတာပါ။ ဒါ့ကြောင့်မို့လို့ ကျွန်မတို့လို အရပ်ဘက် အဖွဲ့အစည်းတွေကို အစိုးရ အနေနဲ့ လက်တွဲခေါ်ဖို့၊ ယုံကြည်ဖို့ လိုပါတယ်။ စားပွဲဝိုင်းမှာ ထိုင်ပြီးတော့ ဆွေးနွေးချင်ပါတယ်။ အဲဒီလို ဆွေးနွေးနိုင်ဖို့ အခွင့်အရေးလေးတွေ ပေးစေချင်ပါတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေ ကောင်းကောင်း လုပ်ဆောင်နိုင်အောင် ဖြည့်ဆည်းပေးနိုင်မယ့် ဥပဒေတွေ လုပ်ပေးစေချင်ပါတယ်။ ၂ဝ၁၄ ခုနှစ်မှာ အရပ်ဘက် အဖွဲ့အစည်းတွေ ပါဝင်ရေးဆွဲခဲ့တဲ့ Association Registration Law က အရပ်ဘက် အဖွဲ့အစည်းတွေ လိုအပ်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီဥပဒေ ရှိတဲ့အတွက် အရပ်ဘက် အဖွဲ့အစည်းတွေ အနေနဲ့ ပိုမိုပြီး လုပ်ဆောင်နိုင်တယ်။ ပိုမိုပြီး ပါဝင်နိုင်တယ်။ အစိုးရရဲ့ ယုံကြည်မှုတွေ ပိုရနိုင်တယ်။ ဒါကြောင့် ကျွန်မတို့ အနေနဲ့ အဲဒီလိုမျိုး ဥပဒေတွေ လိုချင်တယ်။ အစိုးရ အနေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကို ပိုပြီးယုံကြည်စေချင်တယ်။ ယုံယုံကြည်ကြည်နဲ့ အစိုးရနဲ့ လက်တွဲနိုင်မယ်ဆိုရင် အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ အများကြီး ကူညီနိုင်ပါတယ်”ဟု တွေ့ဆုံမေးမြန်းစဉ် ဖြေကြားခဲ့သည်။ 

 

MDN