ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် Volunteer  များအား ဆန်နှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

ပဲခူး စက်တင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ စက်တင်ဘာ ၂၄ ရက် ညနေပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံသာသနာ့ဗိမာန်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ခဲ့သော ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများနှင့် Volunteer များအား ဆန်နှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရောက်ရှိလာသည်နှင့် မြန်မြန်ဖြန့် မြန်မြန်ထိုးစနစ်ဖြင့် ကြိုးစားဆောင်ရွက်ခဲ့သည့်အတွက် ယခုအခါ ရောဂါကူးစက်မှုသည် တိုင်းဒေသကြီးအတွင်း (၂)ရာခိုင်နှုန်းခန့်သာရှိတော့ကြောင်း၊ အဓိကအားဖြင့် ကျန်းမာရေးဝန်ထမ်းများ၏ ကြိုးစားမှုကြောင့် မိမိတို့တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှင့် သေဆုံးမှုနှုန်းများ အလွန်လျော့ကျလာသဖြင့် ကျေးဇူးတင်ရှိပါကြောင်းနှင့် ကျန်းမာရေးဆိုင်ရာကဏ္ဍများ၌ လိုအပ်ချက်များရှိပါက ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ခဲ့သော ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် Volunteer များအား ဆန်၊ ကြက်သွန်နီ၊ ကုလားပဲ၊ ဆား၊ ကြက်ဥတို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ပြီး ဝန်ထမ်းများကိုယ်စား ကျန်းမာရေးဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ မြို့မစာသင်တိုက် ပဓာန နာယက ဆရာတော်၊ နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဂန္ဓမာအား သွားရောက်ဖူးမြော်ကန်တော့ပြီး ဆန်၊ ဆီ၊ ကုလားပဲ၊ ဆားနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှအတမ်း ပေးဝေခဲ့ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)