ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပြုချက်၊ သတ်မှတ်ချက်များနှင့်အညီ လိုက်နာမှု မရှိသည့် အလုပ်ရုံတစ်ချို့အား တစ်ပတ် ယာယီ ပိတ်သိမ်းမည်

မြိတ်   ၃  မေ  

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပြုချက်၊ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိသည့် မြိတ်မြို့အတွင်းမှ အလုပ်ရုံတချို့အား တစ်ပတ်(၇)ရက် ယာယီပိတ်သိမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးထံမှ သိရသည်။

 

စစ်ဆေးတွေ့ရှိချက်အရ လိုက်နာဆောင်ရွက်တဲ့ စက်ရုံကို လည်ပတ်ဖို့ ညွှန်ကြားလွှာထုတ်ပြီးတော့ မလိုက်နာတဲ့ စက်ရုံတွေ အထူးသဖြင့် ကင်းမွန်ပြုတ်ခြောက်လုပ်ငန်းစက်ရုံတွေကို ယာယီ တစ်ပတ် ရပ်နားပါ့မယ်။ ယာယီရပ်နားပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ အချက်တွေကို လိုက်နာမှုရှိမရှိ ရှောင်တခင်ဝင်စစ်ပါ့မယ်။ ဝင်စစ်ပြီးတော့မှပဲ ဒီလုပ်ငန်းတွေက ရပ်နား ရမှာလား ဆက်လက်လည်ပတ်ရမှာလား ဆိုတာကို ဆုံးဖြတ်သုံးသပ်သွားပါ့မယ် ဟု မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဇင်ကိုအောင်က ပြောသည်။

 

11328

 

စက်ရုံအလုပ်ရုံများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပြုချက်၊ သတ်မှတ်ချက်များနှင့် အညီ လိုက်နာဆောင်ရွက်ခြင်းရှိမရှိကို ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်နှင့် ပတ်သက်၍  မေလ (၂)ရက် နံနက်(၁၀)နာရီက  ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ လူဝင်မှုကြီး ကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးကျော်မင်း၊ လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာ များနှင့် စစ်ဆေးရေးအဖွဲ့များ ဆွေးနွေးခဲ့ကြသည်။

 

 “ အလုပ်သမားတွေ မှီခိုအားထားတယ်၊ သူတို့ရဲ့ဝင်ငွေအတွက်ရော သူတို့ရဲ့ဘဝရပ်တည်မှုအတွက် အင်မတန် အရေးကြီးပါတဲ့ စက်ရုံအလုပ်ရုံတွေက မရှိမဖြစ်လိုအပ်ချက်ရှိပါတယ်။ သို့သော်ငြားလည်း စက်ရုံ အလုပ်ရုံတွေက  ရောဂါကိုဖြန့်ဝေတဲ့နေရာ ရောဂါကိုစုဆောင်းတဲ့နေရာ ဖြစ်သွားမှာကို အင်မတန် စိုးရိမ်ရပါတယ်။ ကျန်းမာရေးဌာနရဲ့ လမ်းညွှန်ချက်အတိုင်းကို ဆောင်ရွက်ဖို့ရှိပါတယ်။ သူတို့တွေက လိုက်နာနိုင်မှု အားနည်းတယ် ဆိုတော့ ရပ်သင့်ရင် ရပ်ရပါ့မယ်။ အလုပ်သမားတွေရဲ့ ကျန်းမာရေး အခြေအနေ၊  သူတို့တွေရဲ့ ကူးစက်မှုရောဂါ မပြန့်ပွား ဖို့ကိစ္စအတွက် တားဆီးရခြင်းဖြစ်ပါတယ် ဟု တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း က ဆွေးနွေးပွဲတွင်  ပြောကြားခဲ့သည်။

 

စက်ရုံအလုပ်ရုံများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ စက်ရုံအလုပ်ရုံတွေ လိုက်နာ ဆောင်ရွက်ရမယ့် အချက်အလက်များ၊ ကိုဗစ်-၁၉ကူးစက်ပြန့်နှံမှုမရှိအောင် ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရမယ့်အချက်များကို လိုက်နာဆောင်ရွက်ခြင်းရှိမရှိကို ဧပြီလ (၂၉) ရက်နှင့် (၃၀)ရက် တို့တွင်  လွှတ်တော်ကိုယ် စားလှယ်နှင့် ဌာနဆိုင်ရာများ စစ်ဆေးရေးအဖွဲ့(၂)ဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက် ခဲ့ကြသည်။

 

တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စက်ရုံအလုပ်ရုံတွေကို ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လမ်းညွှန်ချက်တွေ လိုက်နာမှုရှိမရှိကို (၁၀)ဦးနှင့်အထက်ရှိတဲ့ စက်ရုံတွေ၊ လူစုလူဝေးများနိုင်ချေရှိတဲ့ စက်ရုံအလုပ်ရုံတွေကို မူတည်ပြီးတော့ မြိတ်မြို့နယ်မှာ (၂)ဖွဲ့ပေါင်းပြီးတော့ (၅၅)ရုံစစ်ခဲ့ပြီးတော့ ကျွန်းစုမှာ(၁၁)ခုစစ်ခဲ့ပါတယ်။ နောက်ပြီးတော့ ဆိုင်အလုပ်ဌာန(၃)ခုကိုလည်းပဲ စစ်ဆေးခဲ့ပါတယ်။ စုစုပေါင်း(၆၉) ရုံ စစ်ဆေးနိုင်ခဲ့ပါတယ် ဟု အလုပ်ရုံနှင့် အလုပ်သမား စစ်ဆေးရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြတ်ဖြိုး က ပြောသည်။

 

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကာလ၌ စက်ရုံအလုပ်ရုံများအား  စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိ ချက် နှင့်ပတ်သက်၍ ဆွေးနွေးရာတွင် စစ်ဆေးခဲ့သည့် စက်ရုံအလုပ်ရုံများ၌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ အကြံပြုချက်၊ သတ်မှတ်ချက်များနှင့်အညီ လိုက်နာမှုရှိသည့် စက်ရုံများကို လည်ပတ် ဆောင်ရွက်ရန်နှင့် လိုက်နာမှုမရှိသည့်စက်ရုံအား ယာယီပိတ်၍ ပြုပြင်စေကာ ရှောင်တခင် စစ်ဆေး ဆောင်ရွက်ပြီးမှ လည်ပတ်ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

 

ခိုင်ထူး ( မြိတ်  ပြန်/ဆက် )