ကျန်းမာရေးလုပ်သားများ ပြည်ပသို့ ထွက်ခွာခြင်းမပြုရန် သီရိလင်္ကာတိုက်တွန်း

ကိုလံဘို၊ မတ် ၂၄

ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်လုပ်သားများ ပြတ်လပ်မှုနှင့်ရင်ဆိုင်နေရသော သီရိလင်္ကာနိုင်ငံ၌ ဆေးဘက်နှင့် သူနာပြုကဏ္ဍများတွင် လိုအပ်ချက်များကို ဖြည့်ဆည်းရန် သမ္မတရာနေးလ်ဝစ်ခ်ရီမီဆင်းဟီက တိုက်တွန်း ပြောကြားလိုက်သည်။

လေ့ကျင့်သင်ကြားထားသော ဆရာဝန် သို့မဟုတ် သူနာပြု ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းခန့်အထိ သီရိလင်္ကာနိုင်ငံမှ ထွက်ခွာသွားကြကြောင်း သမ္မတ၏မီဒီယာဌာန (ပီအမ်ဒီ) ၏ ထုတ်ပြန်ချက်အရသိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျန်းမာရေးဝန်ဆောင်မှုများ တိုးမြှင့်လုပ်ဆောင်ခြင်းက နိုင်ငံ၏စီးပွား တိုးတက်ထွန်းကားမှုကို မြှင့်တင်ပေးရာရောက်ကြောင်း သီရိလင်္ကာနိုင်ငံမြောက်ပိုင်း Point Pedro Base ဆေးရုံ၏ မတော်တဆမှုနှင့် အရေးပေါ်စောင့်ရှောက်မှုဌာန ဖွင့်ပွဲအခမ်းအနားတွင် သမ္မတ ရာနေးလ်ဝစ်ခ်ရီမီဆင်းဟီက ပြောသည်။

ပြီးခဲ့သော နှစ်နှစ်အတွင်း စီးပွားရေးအကျပ်အတည်းများကြောင့် ဆရာဝန်နှင့် အခြား ဆေးဘက်ကျွမ်းကျင် လုပ်သား ၁၇၀၀ ခန့်မှာ နိုင်ငံမှ ထွက်ခွာသွားကြကြောင်း အလုပ်သမားသမဂ္ဂအများအပြားက ပြောကြားထားသည်။

ဆင်ဟွာ