ကျန်းမာရေးကောင်းပါက ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဂျိုးဘိုင်ဒင်ပြော

ဝါရှင်တန် ဒီဇင်ဘာ ၂၄

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ၎င်းသာ ကျန်းမာရေးကောင်းခဲ့မည်ဆိုပါက ၂၀၂၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲအတွက် ထပ်မံယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။

ဒီဇင်ဘာ ၂၂ ရက် အေဘီစီ ကမ္ဘာ့သတင်းအစီအစဉ် တွေ့ဆုံမေးမြန်းခန်းတွင် အစီအစဉ် တင်ဆက်သူ ဒေးဗစ်မီအာ၏ မေးမြန်းချက်ကို ဂျိုးဘိုင်ဒင်က ထိုသို့ဖြေကြားလိုက်ခြင်းဖြစ်သည်။ ကံတရားကို ကြံ့ကြံ့ခံနိုင်သည့် လူတစ်ယောက်ဖြစ်သည်နှင့်အညီ ကံတရားက မိမိဘဝတွင် အကြိမ်ပေါင်းများစွာ နှောင့်ယှက်ဟန့်တားခဲ့သော်လည်း မှုမည်မဟုတ်ဘဲ ထိုအချိန်တွင် ကျန်းမာရေးကောင်းခဲ့မည်ဆိုပါက အမေရိကန်သမ္မတအဖြစ် ထပ်မံအရွေးခံသွားမည်ဖြစ်ကြောင်း ဘိုင်ဒင် က ပြောကြားခဲ့သည်။

ဒေးဗစ်မီအာက ဘိုင်ဒင်အား အကယ်၍ မိမိပြိုင်ဘက်သည် သမ္မတဟောင်း ဒေါ်နယ်ထရမ့်သာ ဖြစ်ခဲ့မည်ဆိုလျှင်ရော ဝင်ရောက်ယှဉ်ပြိုင်ဦးမည်လားဟု မေးမြန်းခဲ့ရာ ဘိုင်ဒင်က မိမိကို ထပ်မံယှဉ်ပြိုင်ရန် လှုံ့ဆော်ပေးနေသည်ဟု ရယ်မောကာ ဖြေကြားခဲ့သည်။ ယှဉ်ပြိုင်ရမှာပေါ့။ ဒေါ်နယ်ထရမ့်ကို ဘာလို့ မယှဉ်ပြိုင်ရမှာလဲဟု ဘိုင်ဒင်က ပြောခဲ့သည်။

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ပြန်လည်မြင့်တက်လာချိန် စီးပွားရေးအစီအစဉ်နှင့် ပတ်သက်ပြီး လုပ်သင့်လုပ်ထိုက်သည်များကို အင်နှင့်အားနှင့် မပြုလုပ်ခြင်းတို့ကြောင့် ဘိုင်ဒင်၏ ထောက်ခံနှုန်းမှာ လွန်ခဲ့သည့် နွေရာသီကတည်းက အကျဘက်သို့ ဦးတည်လာခဲ့သည်။ သမ္မတ၏ လူကြိုက်များခြင်း၊ မများခြင်းသည် နောင်လာမည့် ၂၀၂၄ ခုနှစ် သမ္မတ လေးနှစ်သက်တမ်းအတွက် လှုံ့ဆော်မှုဖြစ်သည်။ သမ္မတရွေးကောက်ပွဲကျင်းပမည့် ၂၀၂၄ ခုနှစ်တွင် ၎င်း၏အသက် သည် ၈၂ နှစ်ရှိမည်ဖြစ်သည်။

ဆင်ဟွာ