ကျန်းမာရေးအသိတရားဖြင့် သတိထားနေထိုင်ရမည့်အချိန်

ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်ရောဂါ) စောင့်ကြပ်ကြည့်ရှုမှုနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ (WWW. mohs.gov.mm) က အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန် ပေးလျက်ရှိသည်။ ဖေဖော်ဝါရီလ ၆ ရက် ညနေ ၆ နာရီအချိန်ထိ ထုတ်ပြန်ချက်အရ မြန်မာတစ်နိုင်ငံလုံးတွင် ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်ရောဂါ) သံသယလူ နှစ်ဦးအပါအဝင် လူနာခုနစ်ဦးတို့အား သက်ဆိုင်ရာ ဆေးရုံများတွင် ဆက်လက်စောင့်ကြပ်ကြည့်ရှု ကုသပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေး အခြေအနေများ သက်သာကောင်းမွန်လျက်ရှိကြောင်း အဆိုပါ အင်တာနက် စာမျက်နှာတွင် တွေ့ရှိရသည်။

 

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ဓာတ်ခွဲအတည်ပြု လူနာ မတွေ့ရှိ ရသေးသော်လည်း ရောဂါပိုးကူးစက်ခံရချိန်မှစ၍ ရောဂါ လက္ခဏာများ စတင်ပြသသည့် ကြားကာလ (ရောဂါပျိုးချိန်) သည် နှစ်ရက် မှ ၁၀ ရက်အတွင်း ဖြစ်၍ လက်ရှိအချိန်သည် အရေးကြီးသည့် အချိန်ဖြစ်သည်။ လူဦးရေမည်မျှ ကူးစက်ခံထားရပြီးဖြစ်မှန်း မသိရသေးသလို ၎င်းတို့နှင့် လက်ပွန်းတတီး ထိတွေ့နေသူ မည်မျှရှိနေမှန်းလည်း မသိရသေး။ ရောဂါ လက္ခဏာများ စတင်ပြသချိန်တွင်မှ ရုတ်တရက် လူအမြောက်အများ ကပ်ရောဂါအသွင် ကူးစက်ခံထားရခြင်းများလည်း ဖြစ်လာနိုင်သည့် အခြေအနေဖြစ်၍ ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိတို့ဖြင့် နေထိုင်သွားလာ စားသောက်ကြရမည်သာ ဖြစ်သည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်ရောဂါ) စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးဗဟိုအဆင့် အစည်းအဝေးကို နေပြည်တော်ရှိ ဝန်ကြီးရုံးတွင် နေ့စဉ်ကျင်းပပြီး မီဒီယာ များမှတစ်ဆင့်လည်း နေ့စဉ် သတင်းထုတ်ပြန်လျက် ရှိသည်။ ရောဂါကူးစက် မှုမှာ မြန်နှုန်းမြင့် အခြေအနေမျိုးရှိနေခြင်း၊ ရောဂါလက္ခဏာသံသယရှိသူ များကို တွေ့ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်း ကြားရန် နှိုးဆော်ခြင်း၊ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် နေ့စဉ် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေခြင်းတို့ကို အဆိုပါအစည်းအဝေး နေ့စဉ်သတင်းများတွင် တွေ့မြင် ကြားသိ ဖတ်ရှုနေကြရပြီး အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ကြသည့်အလျောက် ကောလာဟလ သတင်းများနှင့် သတင်း၊ သတင်းမှားများကို သတိထား ပယ်နိုင်ကြမည် ဟူ၍လည်း ယုံကြည်မိသည်။

 

ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်ရောဂါ) ကူးစက်ပျံ့နှံ့မှုမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံအတွင်း ၉၉ ရာခိုင်နှုန်းရှိပြီး အခြားနိုင်ငံ ၂၄ နိုင်ငံသို့ ကူးစက်ပျံ့နှံ့မှုများ ရှိနေသည့်အတွက် နိုင်ငံတကာ မီဒီယာများတွင် ခေါင်းကြီးသတင်း (headline news) ဖြစ်လာသည်။ ဗိုင်းရပ်စ်ကူးစက်ရာတွင် အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် ကူးစက်ခြင်းကြောင့် ပါးစပ်နှင့် နှာခေါင်းစည်း (mask) များ အလုအယက်ဝယ်ယူကြရာမှ ဈေးနှစ်ဆ သုံးဆ မြင့်တက်သွားခြင်းနှင့် အတူ ကျန်းမာနေသည့် သာမန်လူများ ပါးစပ်နှင့်နှာခေါင်စည်း အသုံးပြုရန်မလိုကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြုံပြုလာရသည်။

 

လေယာဉ်စီးရင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်သည့် အခြေအနေနှင့် စပ်လျဉ်း၍ စိုးရိမ်ပူပန်မှုများလည်း ရှိကြရာ လေယာဉ်ပေါ်တွင် ဗိုင်းရပ်စ် ကူးစက်ခံရနိုင်ခြေ နည်းပါးကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်သည် ထိုင်ခုံများ၊ လက်တန်းများ စသည်တို့ပေါ်တွင် ကြာရှည်ရှင်သန်နိုင်စွမ်း မရှိကြောင်း၊ ခေတ်မီလေယာဉ်များတွင် လေသွင်းလေထုတ်စနစ်သည် ရုပ်ရှင်ရုံများ၊ ကပွဲခန်းမများ၏ လေသွင်းလေထုတ်စနစ်နှင့် မတူညီကြောင်း၊ ပြင်ပမှ လေအသစ် ၅၀ ရာခိုင်နှုန်းနှင့် လေယာဉ်တွင်း လှည့်ပတ်နေသည့် လေ ၅၀ ရာခိုင်နှုန်းတို့ကို ရောဂါပိုးသတ်နိုင်သည့် လေစစ်ဆန်ခါကို ဖြတ်သန်း စေပြီးမှ လေယာဉ်တွင်း ပြန်ပို့သည့် စနစ်ကို အသုံးပြုထားကာ ခွဲစိတ်ခန်းသုံး လေသွင်းလေထုတ် စနစ်နှင့် အလားတူပင်ဖြစ်ကြောင်း စသည့် ဗဟုသုတများကို နိုင်ငံတကာမီဒီယာများတွင် တွေ့ရှိရပြီး လက်နှစ်ဖက်ကို သန့်စင်အောင် မကြာခဏ ဆေးကြောခြင်းဖြင့် ဗိုင်းရပ်စ် ကူးစက်ခြင်းမှ ရှောင်ရှားနိုင်ကြောင်း အကြံပြုချက်များကိုလည်း တွေ့ရှိရသည်။

 

ကိုရိုနာဗိုင်းရပ်စ်(အဆုတ်ရောင်ရောဂါ ကူးစက်ပျံ့နှံ့မှုမှာ လအနည်းငယ်အထိ ဆက်လက်ရှိနေ လိမ့်ဦးမည်ဖြစ်သည်။ အသက်ကို ဉာဏ်စောင့်သည်ဆိုသော ဆိုရိုးစကားအတိုင်း မိမိနှင့်တကွ မိသားစုတို့၏ ကျန်းမာရေးကို အသိဉာဏ်ပညာ ဆင်ခြင်တုံတရားတို့ဖြင့် စောင့်ရှောက် ကြရန်ဖြစ်ရာ ကိုယ်ခံအားကောင်းမွန်အောင် စားသောက်နေထိုင် အိပ်စက်ခြင်း၊ လူစုလူဝေး ပွဲလမ်းသဘင်တို့ကို ရှောင်ရှားခြင်း၊ ကျန်းမာရေး ဆိုင်ရာ မှန်ကန်သည့် အကြံပြုချက်များကို မှတ်သားလိုက်နာခြင်းတို့ဖြင့် ကူးစက်ရောဂါတို့ကို ရှောင်ရှားနိုင်ကြပါစေကြောင်း။ ။

 

မြန်မာ့အလင်း