ကျန်းမာအောင် ဘယ်လိုစားသောက်ကြမှာလဲ? သက်သတ်လွတ်လား? အသား၊ ငါးလား?

လူတချို့ဟာ သက်သတ်လွတ်စားတာကို ဘာသာရေးယုံကြည်ချက်အရပဲဖြစ်ဖြစ် ကျန်းမာရေး လိုက်စားလို့ပဲ ဖြစ်ဖြစ် စားသောက်ကြပါတယ်။ သက်သတ်လွတ်စားတာဟာ ပိုကျန်းမာစေတယ်၊ ကိုယ်အလေးချိန် သိသိသာသာ ကျစေတယ်ဆိုတဲ့ ယုံကြည်ချက်မျိုးလည်း ရှိကြပါတယ်။ အသား၊ ငါးတွေကို စားသုံးတာဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ထင်မြင်ကြသူတွေလည်း ရှိကြပါတယ်။

 

ဒီအယူအဆတွေဟာ ဘယ်လောက် မှန်ကန်မှုရှိပါသလဲ? သက်သတ်လွတ်စားသင့်သလား? ဒါဟာ ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား? အသားတွေ ငါးတွေကို ရှောင်ကြဉ်သင့်သလား?

 

သက်သတ်လွတ်စားရင် ဘာကောင်းသလဲ

 

အရင်ဆုံး သက်သတ်လွတ်နဲ့ ပတ်သက်ပြီး ရှင်းပြလိုပါတယ်။ သက်သတ်လွတ်စားတဲ့ပုံစံ နှစ်မျိုးနှစ်စား ရှိပါတယ်။ Lacto-ovo နဲ့ Strict (Vegan) ဆိုပြီးတော့ပါ။ Lacto-ovo Vegetarian တွေဟာ တိရစ္ဆာန်တွေကနေ ထွက်ရှိတဲ့ အသားအပါအဝင် အစိတ်အပိုင်းအားလုံးကို မစားပေမယ့် နို့၊ ဒိန်ချဉ် ကြက်ဥတို့လို အစားအစာတွေကိုတော့ စားကြပါတယ်။ Vegans တွေကတော့ အားလုံးကိုမစားဘဲ အသီးအရွက်သီးသန့်ကိုသာ စားသောက်ကြသူတွေဖြစ်ပါတယ်။

 

ဆရာဝန်တွေကတော့ သက်သတ်လွတ်စားတာဟာ ကိုယ်အလေးချိန်လျှော့ဖို့အတွက် အလွန်သင့်လျော် ကောင်းမွန်တဲ့နည်းလမ်းဖြစ်တယ်လို့ ဆိုကြပါတယ်။ အသီးအရွက်တွေကို အခြေခံထားတဲ့ အစားအစာတွေဟာ အာဟာရဓာတ်ကြွယ်ဝသလို ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့လည်း အားပေးပါတယ်။

 

Academy of Nutrition and Dietetics ရဲ့ သုတေသနပြုချက်တွေအရဆိုရင် သက်သတ်လွတ်စားပြီး ဝိတ်ချတာဟာ နှလုံးရောဂါဖြစ်နိုင်ချေ အနည်းပါးဆုံး ဝိတ်ချတဲ့ နည်းလမ်းဖြစ်တယ်လို့ ဆိုထားပါတယ်။ သက်သတ်လွတ်စားသူတွေဟာ Lipoprotein Cholesterol Levels နည်းပါးမှုကြောင့် သွေးတိုးနိုင်ခြေနဲ့ ဆီးချို ဖြစ်နိုင်ခြေကို ကာကွယ်ပြီးသားဖြစ်သလို ကင်ဆာနဲ့ နာတာရှည်ရောဂါတွေဖြစ်ပွားနိုင်ချေလည်း နည်းပါးပါတယ်။

 

အသားစားတာ မကောင်းဘူးလား

 

အဲဒီလို တစ်ထစ်ချယုံကြည်ဖို့တော့ ခက်ခဲပါတယ်။ အသားတွေ၊ ငါးတွေဟာ လူတွေမှာလိုအပ်တဲ့ ပရိုတိန်း၊ သံဓာတ်၊ ဇင့်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင် ဘီအုပ်စုတွေကို ဖြည့်ဆည်းပေးနိုင်ပြီး ကိုယ်ခန္ဓာကိုယ် ဖွံ့ဖြိုးစေဖို့ အထောက်အကူဖြစ်စေပါတယ်။ အသားတွေကို သင့်လျော်ရုံစားသောက်ပေးတာဟာ ကျန်းမာရေးနဲ့ ညီညွတ် ကိုက်ညီမှုရှိပါတယ်။ ဒီလိုမဟုတ်ပဲ ဝက်သားလိုအစားအစာမျိုးကို နေ့စဉ်ရက်ဆက် အလွန်အကျူး စားသောက်နေ မိမယ်ဆိုရင်တော့ ကိုယ်အလေးချိန်တိုးလာမှာဖြစ်သလို ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်မှာအမှန်ပါပဲ။

 

သက်သတ်လွတ်စားတိုင်း ကျန်းမာမှာလား

 

ဒါပေမယ့်လည်း အာဟာရဗေဒကျွမ်းကျင်သူတွေကတော့ အစားအသောက်ကို ဘယ်လိုပုံစံမျိုးနဲ့ စားသည်ဖြစ်စေ အခြေခံအာဟာရဖြည့်စွက်မှုပိုင်းမှာ ချို့ယွင်းချက်မရှိအောင် စားသောက်မှုပုံစံကို ဂရုတစိုက် ရွေးချယ်စားသောက်ဖို့ အကြံပေးထားကြပါတယ်။ ဥပမာပြောရရင် အာလူးကြော်ဟာ သက်သတ်လွတ်စာဖြစ်ပေမယ့် ဝိတ်တက်နိုင်တယ်ဆိုတာမျိုးဖြစ်ပါတယ်။ နောက်ပြီး ချိစ်အပြည့်နဲ့ အသီးအရွက်ဘာဂါကို အာလူးချောင်းကြော်နဲ့ နေ့တိုင်းတွဲဖက် စားသောက်နေတဲ့ သူတစ်ယောက်ဟာ ငါးဟင်းကိုသာ နေ့တိုင်းစားသောက်တဲ့သူထက် ကျန်းမာရေးပို ကောင်းမွန်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သစ်သီးဝံလံ၊ သစ်ဥသစ်ဖုနဲ့ အသီးအရွက်ကထွက်ရှိတဲ့ အစားအစာတွေကိုချည်း စားသောက်တယ် ဆိုပေမယ့်လည်း စားသောက်တဲ့အစားအစာဟာ ကျန်းမာရေးနဲ့ ညီညွတ်ကိုက်ညီမှုရှိနေဖို့ လိုအပ်တယ်လို့ လမ်းညွှန်နေကြတာပါ။

 

လေ့လာချက်တွေအရ သက်သတ်လွတ်သမားတွေဟာ အသီးအရွက်တွေ သစ်သီးဝလံတွေကို အဓိကစားသောက်ကြပေမယ့် ဆန်၊ ပဲ၊ ဂျုံ၊ ပဲပိစပ်၊ အစေ့အဆံတွေ၊ ဆီ၊ ဆားနဲ့ ချိစ်လိုအရာတွေကို လျှော့ချသုံးစွဲဖို့ ပျက်ကွက်ကြလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒီလိုသာပြုလုပ်နေမိမယ်ဆိုရင် သက်သတ်လွတ် စားသောက်နေပေမယ့်လည်း ကျန်းမာရေးကို အထောက်အကူပြုမှာမဟုတ်ပဲ ကိုယ်အလေးချိန်တိုးလာတာနဲ့ ရောဂါဘယတွေကို ဖိတ်ခေါ်နေသလိုသာဖြစ်နေမှာပါ။

 

လုံးဝ အသီးအရွက်ချည်းပဲ စားဖို့လိုသလား

 

ကျွမ်းကျင်သူတွေကတော့ သက်သတ်လွတ်စားတာမျိုးထက် နေ့စဉ်စားသောက်မှုပုံစံမှာ အသီးအရွက်တွေကို အဓိကထား ထည့်သွင်းစားသောက်ကာ အားလပ်ရက်တွေမှာလည်း မကြာခနဆိုသလို အသားကြီး၊ ငါးကြီးတွေ မျှမျှတတစားသောက်ပေးတာမျိုးပြုလုပ်ဖို့ အဓိကထား အကြံပေးကြပါတယ်။ ဒီလိုနည်းလမ်းမျိုးဟာ ကျန်းမာရေးအတွက် အကောင်းဆုံး အထောက်အကူပြုစေမှာ ဖြစ်သလို ကိုယ်အလေးချိန် လျှော့ချဖို့အတွက် နည်းလမ်းကောင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အထူးသဖြင့် ပရိုတိန်း၊ ဗီတာမင် ဘီ၊ အိုအိုဒင်း၊ သွပ်၊ သံ၊ ဖက်တီ အက်ဆစ်နဲ့ ဗီတာမင် ဒီ ဓာတ်တွေကြွယ်ဝစွာပါဝင်တဲ့ ငါးကို မကြာခန ဖြည့်စွက်စားပေးဖို့ တိုက်တွန်းလိုပါတယ်။

 

ကိုယ်အလေးချိန်လျှော့ချနေသူတွေအနေနဲ့လည်း လူ့ခန္ဓာကိုယ်ထဲက အဆီတွေတိုင်းဟာ လူတွေကို ဘေးဒုက္ခပေးနေတာမဟုတ်ဘူးဆိုတာကို နားလည်သဘောပေါက်ထားဖို့လိုအပ်ပါတယ်။ တချို့ အဆီတွေဟာ လူ့ကျန်းမာရေးအတွက် အထူးလိုအပ်တာမို့ ဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။ ဒီလို အဆီမျိုးတွေကို သံလွင်ဆီ၊ အစေ့အဆံနဲ့ ဆယ်လ်မွန်၊ မကက်ရယ်၊ တူနာ၊ ဆာဒင်းနဲ့ ထရောက်တ်ငါးတွေကနေလည်း ရနိုင်ပါတယ်။

 

တကယ်လို့ ကိုယ်က သက်သတ်လွတ်ပဲ စားချင်တဲ့သူဆိုရင်တော့ အောက်ပါလမ်းညွှန်ချက်လေးတွေကို သတိထား လိုက်နာပေးဖို့ လိုအပ်ပါမယ်။

 

• ၁။ သက်သတ်လွတ်စားတာဟာ စနစ်တကျစားရင် ကိုယ်အလေးချိန်လျှော့ချဖို့နဲ့ ကျန်းမာဖို့ အထောက်အကူဖြစ်ပါတယ်။ ဒါပေမယ့် အဆီဓာတ်ပါဝင်မှု ပမာဏများတဲ့ အသီးအရွက် အခြေခံ အစားအစာတွေကိုတော့ သတိထားရှောင်ကြဉ်ဖို့ လိုအပ်ပါလိမ့်မယ်။

 

• ၂။ Lacto-ovo ပုံစံနဲ့ပဲဖြစ်ဖြစ် Vegans ပုံစံနဲ့ပဲဖြစ်ဖြစ် ကြိုက်သလို သက်သတ်လွတ်စားလို့ရပါတယ်။ စနစ်တကျစားရင် ၂ မျိုးစလုံးက ကျန်းမာရေးကို အထောက်အကူဖြစ်စေမှာပါ။ ဒီတော့ ကျန်းမာရေးနဲ့ ကိုက်ညီအောင် ဘယ်လိုစားသင့်သလဲဆိုတာကို လေ့လာပြီး စနစ်တကျပြင်ဆင်စားသောက်ဖို့ တိုက်တွန်းလိုပါတယ်။ ဒီလိုမဟုတ်ဘဲ ကြုံသလိုစားသောက်နေမယ်ဆိုရင် အကျိုးရှိမှာမဟုတ်ပါဘူး။

 

• ၃။ ကိုယ့်စားသောက်မှု ပုံစံက ပရိုတိန်းဓာတ် လိုအပ်သလောက် ဖြည့်ဆည်းနိုင်ရဲ့လားဆိုတာကို သတိထားစောင့်ကြည့်ပါ။ လိုအပ်နေရင် ပရိုတိန်းဓာတ် ကြွယ်ဝစွာပါဝင်တဲ့ အဆေ့အစံတွေ၊ ပဲတွေစားသောက်ပြီး ဖြည့်ဆည်းပါ။ လူတစ်ယောက်ဟာ ဟင်းပွဲတစ်ပွဲကနေ ပျမ်းမျှ ပရိုတိန်းပမာဏ ၂၀ ဂရမ်ကနေ ၃၀ ဂရမ်ဝန်းကျင် ပုံမှန်ရရှိနေဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်လာမှာဖြစ်ပါတယ်။

 

ရေးသားသူ Ye Zon Aung

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”