ကျွန်းလှမြို့နယ်တွင် ဂန္ဓမာပန်းစိုက် တောင်သူများရောင်းအားကျဆင်း

ကျွန်းလှ  ၃၀   ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ်၊ အင်ကြင်းမြိုင်ရပ်ကွက်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားချိန် ကာလဂန္ဓမာပန်းစိုက်တောင်သူများ ရောင်းအားကျဆင်း၍ အခက်တွေ့နေကြောင်း သိရသည်။

 

“ကျွန်တော်ဂန္ဓမာပန်း စိုက်ပျိုးလာခဲ့တာ(၁၀)နှစ်ကျော်ရှိပါပြီ၊ ပန်းမျိုးကို ပြင်ဦးလွင်က မှာယူပြီးအပင်ရေ တစ်သောင်းကျော် စိုက်ပျိုးထားပါတယ်။ ထွက်ရှိသည့်ပန်းများကိုမြို့တွင်း ရောင်းချတဲ့ ဈေးသည်များက လက်တစ်ဆုပ် တစ်စည်းငွေကျပ်(၂၀ဝ)နှုန်းဖြင့် ဖောက်သည်လာယူခြင်းကြောင့် တစ်နေ့ငွေကျပ် (၁၀ဝ၀ဝ)/(၂၀ဝ၀ဝ)ဖိုး ရောင်းရပါတယ်။ ယခုအချိန်မှာ ကိုဗစ်-၁၉ ရောဂါကပ်ဆိုးကြီး ကျရောက်နေခြင်းကြောင့် တစ်နေ့ငွေကျပ်(၁၅၀ဝ)/(၂၀ဝ၀)ဖိုးလောက်ပဲ ရောင်းရပြီး ရောင်းအားမကောင်း၍ အခက်တွေ့နေပါတယ်” ဟု အင်ကြင်းမြိုင် ရပ်ကွက်၊ ပန်းစိုက်သူ ဦးလှဌေးက ပြောပြသည်။

 

ဂန္ဓမာပန်းကို နေအိမ်များအတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ ခြံများဖြင့် စီးပွားဖြစ် စိုက်လာကြကြောင်း၊ မိုးရာသီတွင် အဓိကစိုက်ပျိုးကြသော်လည်း ယခုအခါ နွေ၊ မိုး၊ ဆောင်း ရေတင်စနစ်ဖြင့် စိုက်ပျိုးခြင်းကြောင့် ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိနေကြောင်း သိရသည်။

 

မျိုးဝင်းညို (ကျွန်းလှ)